နေပြည်တော်  အောက်တိုဘာ  ၂၅

ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့မီးရထားအနေဖြင့်  အများပြည်သူရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက် များဖြစ်သည့်     သီတင်းကျွတ်ပွဲတော် ကာလအတွင်း ရထားစီးခရီးသွားပြည်သူများ    အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင်    ရန်ကုန် - နေပြည်တော်၊ ရန်ကုန် - မန္တလေး၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-ပုဂံ အထူးရထားများကို ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း    သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့်  နေ့စဉ်လူစီးရထားများ၊ ကုန်ရထားများကို ပုံမှန်ပြေးဆွဲလျက်ရှိရာတွင်  အောက်တိုဘာ  ၂၄ ရက် ည ၁၁ နာရီ   မိနစ် ၅၀ ခန့်တွင် ရန်ကုန်-မန္တလေး  ရထားလမ်းပိုင်း၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင် အမှတ်၊  ၁၀၄/၀-၁ ကြား တံတားအမှတ်၊ (၁၄၆) နှင့် (၁၄၇) အနီး၌ ရထားလမ်းများအား   PDF   အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးမှုကို   ထပ်မံကျူးလွန်ခဲ့သဖြင့်   ရထားပြေးဆွဲ နေသော    အဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့်  တည်ဆောက်နေသော အစုန်ရထားလမ်း တို့တွင် တပ်ဆင်ထားသည့် သံလမ်းသစ်များ တစ်ပေခွဲစီခန့်    ပြတ်တောက်၍    လေးပေစီခန့် ကွေးကောက်ပျက်စီးခြင်းနှင့်  ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခဲ့သည်။

အဆိုပါ    ပျက်စီးမှုကြောင့် အောက်တိုဘာ  ၂၄ ရက်  ညနေပိုင်းတွင် မန္တလေးမှ ရန်ကုန်သို့ ပုံမှန်ထွက်ခွာလာသော အမှတ်(၆)အစုန်အမြန်ရထားသည် ယနေ့ နံနက် ၃ နာရီခန့်တွင်  ပဲခူးတိုင်း ဒေသကြီး  ကျောက်တံခါးမြို့နယ် ပဲနွယ် ကုန်းဘူတာတွင်လည်းကောင်း၊ အမှတ်(၄) အစုန် ရထားသည် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်တွင်   ကညွတ်ကွင်းဘူတာတွင် လည်းကောင်း      ခေတ္တရပ်နားထားခဲ့ရ သည်။  ထို့အတူ  ရွာသာကြီး-မြစ်ငယ်-ရွာသာကြီး  ခရီးစဉ်ပြေးဆွဲလျက်ရှိသည့် ကုန်သေတ္တာရထား နှစ်စင်းတို့သည်လည်း  ပြွန်တန်ဆာဘူတာနှင့်  အိမ်ခြေလေးဆယ် ဘူတာတို့၌ ခေတ္တရပ်နား ထားခဲ့ရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့    ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊    လုံခြုံရေးတပ်ဖွဲ့ဝင်များက     အချိန်နှင့် တစ်ပြေးညီ   သွားရောက်စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား   ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ နံနက်၈ နာရီခွဲခန့်တွင် ပြီးစီးခဲ့သဖြင့်  ခေတ္တရပ်နားထားရသော ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိသည်။

ဤသို့ ရထားလမ်း ဖျက်ဆီးခံရသဖြင့် မိုင်းရှင်းလင်းခြင်း၊ ပြန်လည်မွမ်းမံပြင်ဆင်ရခြင်းတို့ကြောင့်     လူစီးအမြန်ရထား နှစ်စင်းတို့မှ   ခရီးသည်  ၁၂၂၀  ခန့်နှင့် ကုန်ရထားခရီးစဉ်များ   လမ်းခရီး၌ ကြန့်ကြာမှုနှင့်  အခက်အခဲများကို ကြုံတွေ့ခဲ့ကြရသည်။

PDF  အမည်ခံ အကြမ်းဖက်သမား များအနေဖြင့်   ၂၀၂၁  ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန် အထိ    မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်  ရထားဘူတာနယ်မြေအတွင်း ဗုံးထောင် /မိုင်းခွဲ  တွေ့ရှိခြင်း (၁၂၈) ကြိမ်၊     ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း  (၄၅)ကြိမ်၊    ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား  မီးရှို့ဖျက်ဆီးခြင်း    (၁၂) ကြိမ် ကျူးလွန်ခဲ့ကြပြီး ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်   အများပြည်သူခရီးသွားလာမှုနှင့်    ကုန်စည်ပို့ဆောင်မှု   အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက်    ရထားလမ်းအခြေခံ အဆောက်အဦများ   ပိုမိုကောင်းမွန်လာစေရေး၊    ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍  စီမံဆောင် ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သမားများက  နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊  တွဲများနှင့် ခရီးသည်များ၊ ကုန်စည် များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး  ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက် ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ  အချိန်ပိုမိုကြန့်ကြာစေရေး ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သမားများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်