ကျောက်တန်း ဇူလိုင် ၈
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမြင့်တက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အတွင်းတွင်လည်း ကူးစက်ပျံ့နှံ့မှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး ပိုးကူးစက်ခံရသူဦးရေ (၄၃)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ကူးစက်မှုများ များပြားလာရာ ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာအုပ်စု၊ အ.လ.က(ခွဲ) အဒွတ္တောကျောင်း သတ္တမတန်း(Grade-8)တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦး ဇူလိုင် ၇ ရက်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် အ.လ.က(ခွဲ) အဒွတ္တောကျောင်းအား ဇူလိုင် ၈ ရက်မှ ဇူလိုင် ၂၁ ရက်အထိ (၁၄) ရက် ယာယီပိတ်ထားမည်ဖြစ်ပြီး အဆိုပါကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား မိမိတို့အိမ်တွင် Stay at Home ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ကျောင်းသားအား ကျောက်တန်းမြို့ ကိုဗစ်-၁၉ ယာယီကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ဗိမာန်)တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိပြီး အ.လ.က(မြို့မ)ကျောင်းတွင်လည်း ဆရာမတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသောကြောင့် ဇူလိုင် ၅ ရက်မှ ၁၁ ရက်အထိ ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသောကြောင့် ယာယီပိတ်ထားခဲ့ရသည့် အ.လ.ကကျောင်း (၂)ကျောင်း ရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


