ကျောက်တန်း  ဇူလိုင်  ၃၀
    
ယခုကာလတွင် ဖြစ်ပေါ်နေသော အခြေအနေများအရ ဆေးဆိုင်များပိတ်ထားခြင်း အိမ်သုံးဆေးဝါးများ ဝယ်ယူ၍ မရခြင်း  ဈေးနှုန်းများ အဆမတန် ကြီးမြင့်ခြင်းများကြောင့် ပြည်သူများဆေးဝါးများဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေမှုများ ကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ရေးအတွက်  ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆေးဝါးကုမ္ပဏီများနှင့်ချိတ်ဆက်ကာ အိမ်သုံးဆေးဝါးများ ဝယ်ယူပြီး  ဝယ်ရင်းစျေးနှုန်းအတိုင်း  ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများထံသို့  ယမန်နေ့က စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၄)အုပ်စုရှိ ဒေသခံပြည်သူများ လိုအပ်လျက်ရှိသော အိမ်သုံးဆေးဝါးများဖြစ်သည့် Vitamin C (100 mg) (၁)ပြားလျှင် (၅) ကျပ်၊  Vitamin D3  (25  mcg) (၁) လုံးလျှင် (၇၀ ) ကျပ်၊ Omega -3 (1000 mg)(၁)လုံလျှင်(၉၅)ကျပ်၊  Paracetamol (500 mg) (၁) ပြားလျှင် (၃၀) ကျပ် နှုန်း(ဝယ်ရင်းဈေးနှုန်း) ဖြင့် ဖြန့်ဖြူးရာင်းချပေးခဲ့ကြောင်း သိရသည်။

“ ကျွန်တော့်အနေနဲ့ ယခုလိုကာလမှာ ဆေးဝါးဝယ်ယူရန် အခက်အခဲရှိနေတဲ့ ပြည်သူတွေကို အထိုက်အလျောက် ဖြေရှင်းပေးတဲ့အနေနဲ့ နောက်တစ်ခုက ကုသိုလ်ဖြစ်အနေနဲ့ပါ အခုလိုစီစဉ်လိုက်ခြင်း ဖြစ်ပါတယ် ၊  ကျောက်တန်းမြို့နယ် အနေဖြင့် ပြည်သူလူထု ပူးပေါင်းလှူဒါန်းတဲ့  အလှူငွေများဖြင့် အောက်ဆီဂျင်စက်ရုံ(၁)ရုံနဲ့ တစ်ဦးတည်း အလှူရှင်(၁) ဦးမှ လှူဒါန်းတဲ့ အောက်ဆီဂျင်စက်ရုံ(၁)ရုံ ပေါင်း(၂)ရုံကိုလည်း တစ်ပြိုင်တည်း တည်ဆောက်လျက်ရှိပါတယ်၊ နောက်ပြီး  ကိုဗစ်ပိုးတွေ့လူနာတွေကိုလည်း ယာယီကုသရေးစင်တာတွေဖွင့်လှစ်ပြီး  ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက် ပေးပါတယ်၊ လူနာတွေကိုလည်း တစ်နေ့လျှင် အာဟာရ သုံးကြိမ် ကျွေးမွေးဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်ထံမှ ကြားသိရပါသည်။

“ ကျွန်မတို့အနေနဲ့ ဒီကာလမှာ ဆေးတွေဝယ်ရတာ အရမ်းအခက်အခဲရှိပါတယ် ၊ငွေရှိရင်တောင် ဝယ်လို့မရတဲ့ အခြေအနေတွေလည်း ရှိပါတယ် ၊  မြို့နယ်မှ တာဝန်ရှိလူကြီးတွေက အခုလိုစီစဉ်ပေးတော့ အရမ်းလည်း ဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်” ဟု ကုလားတန်းကျေးရွာ ပြည်သူတစ်ဦးထံမှလည်း ကြားသိခဲ့ရပါသည်။

အဆိုပါ အိမ်သုံးဆေးဝါးများဖြန့်ဖြူးရာတွင် Vitamin C(100 mg) ၂၇၀၀၀ ပြား၊ Vitamin D3(25  mcg) ၂၁၀၀ လုံး   ၊ Omega -3 (1000 mg) ၃၆၀၀ လုံး ၊ Paracetamol (500 mg) ၃၀၀၀၀ ပြား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်ဆွေဝင်း (ကျောက်တန်း ၊ပြန်ဆက်)