ကျောက်တန်း ဇူလိုင်  ၁၃  

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၁၄၀) အထိတွေ့ရှိလာပြီး ယာယီဆေးကုသရေးစင်တာ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တွင် ဆက်လက်ထားရှိရန် နေရာမလုံလောက်မှု ကြောင့် ကျောက်တန်းမြို့ မိုးလုံလေလုံအားကစားရုံအား ကိုဗစ်-၁၉ Positive Center အဖြစ်ထပ်မံ၍ ယမန်နေ့က ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီဝင်များ၊ စေတနာ့ ဝန်ထမ်းများက မြို့နယ်အတွင်းတွေ့ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများ နေထိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ Positive Center (မိုးလုံလေလုံအားကစားရုံ)တွင် ငါးယောက်ခန်း(၂)ခန်း၊ သုံးယောက် ခန်း(၄၂) ခန်း၊ ပေါင်း (၄၄)ခန်း ပြင်ဆင်ဆောင်ရွက်ထားပြီး လူနာဦးရေ (၁၃၆)ဦး ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၄၀)၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၁)ဦး၊ ဆေးကုသမှုခံယူသူ(၁၂၀) ရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ (၉) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်