ကျောက်တန်း   နိုဝင်ဘာ   ၁၈

တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့)တွင် ကျောက်တန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ဘုရာဖူးလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စေတီတော်အဝင်တွင် အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်ဆေးဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်း (Mask )တပ်ဆင်စေခြင်းများကို ဆောင်ရွက်ပြီးမှသာ ရေလည်စေတီတော်မြတ် ကိန်းဝပ်ရာသို့ သဗ္ဗာန်များဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဘုရားဂေါပကတာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးသို့ ဘုရားဖူး လာရောက်သူ များပြားလျက်ရှိပြီး ဘုရားဖူးချိန်အား ပုံမှန်ရက်များတွင် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိသာ ခွင့်ပြုထားသော်လည်း ယခုလိုနေ့ထူးနေ့မြတ်များ၌ နံနက် ၇ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွင့်ပြုထားကြောင်း  သိရသည်။ 

ခင်ဆွေဝင်း(ကျောက်တန်း)