ကျောက်တံတား မတ်လ ၃၀
နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း သင်တန်းဆင်းပွဲကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းဝင်းက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းဖြစ်မြောက်ရေး အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် မြို့မိမြို့ဖဆရာ ဦးသိန်းနိုင်အား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကာ သင်တန်းနည်းပြဆရာ ပန်းချီသိုက်ဦး ကို ဂါရဝပြုလက်ဆောင် ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား ၅၀ ဦးတက်ရောက်သင်ကြားခဲ့ပြီး အကောင်းဆုံးပန်းချီ ရေးဆွဲနိုင်မှုဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ကျောင်းနေအရွယ် ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကိုအခြေခံ၍ ဖြတ်ထိုးဉာဏ် ရင့်သန်လာစေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)