နေပြည်တော် ၂၅ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာတိုက်ကြီး ပြည်ပစာပို့လုပ်ငန်းဌာနသို့ ပေးပို့သောပါဆယ်ထုတ်မှ ကျပ်သိန်း တစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။
ကျောက်တံတားမြို့နယ်၊ ဗဟိုစာတိုက်ကြီး၊ ပြည်ပစာပို့လုပ်ငန်းဌာနသို့ ပေးပို့လိပ်စာ Jay Den, Ring Hof 17, 5214 AD, Tilburg, Netherlands နှင့် လက်ခံလိပ်စာ AungThura, Orchid Condo, AhloneYangon, Myanmar ဖြင့် ရောက်ရှိလာသော ပါဆယ်ထုပ်အား ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လာရောက်ရွေးသူ အမျိုးသားတစ်ဦးက အောင်သူရ(ဖ) ဦးဖေသိန်းအမည်ပါ မှတ်ပုံတင်မိတ္တူ ၁ ခုပြ၍လာရောက်ထုတ်ယူစဉ် စာတိုက်တာဝန်ရှိသူက နိုင်ငံသားစိစစ်ရေးကတ် မိတ္တူကိုသာ ပြသနိုင်မှုအပေါ်မသင်္ကာ၍ ၎င်း၏ရှေ့၌ ပါဆယ်ထုပ်အား ဖွင့်ဖောက်စစ်ဆေးရန် ပြောကြားဆောင်ရွက်စဉ် လာရွေးသူမှာ ပါဆယ်ထုပ်နှင့် မှတ်ပုံတင်မိတ္တူအား ယူဆောင်ခြင်းမပြုတော့ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း။
ဗဟိုစာတိုက်ကြီးမှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်အတွင်းမှ ပလတ်စတစ်အိတ်များဖြင့် စနစ်တကျ ထုတ်ပိုးထားသည့် ကတ်တမင်း ၉၅ ဂရမ်၊ ကိုကင်း၄၀ ဂရမ်၊ Ecstasy ဆေးပြား ၉၆ ပြား၊ စုစုပေါင်းတန်ဖိုးကျပ် သိန်းတစ်ရာကျော်အား သိမ်းဆည်းရမိခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်း မူးယစ်(ပ)၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်