ရန်ကုန် ၁၇ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက ပန်ဆိုးတန်းလမ်းရှိ အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာနှင့် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံတို့က လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ သိန်း ၁၀၀၀ ဖွံ့ဖြိုးရေးဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မြို့နယ်အတွင်း ကတ္တရာ ကွန်ကရစ်ခင်းခြင်း၊ ရေမြောင်းများ ပြုပြင်ခြင်း၊ နောက်ဖေးလမ်းကြားများ ပြုပြင်ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ ပျက်စီးနေသော လမ်းမီးများ ပြုပြင်ခြင်း၊ စည်ပင်သာယာဥပဒေများ အသက်ဝင်လှုပ်ရှားရန် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်ကွက် (၉)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြုံတွေ့နေရသော အခက်အခဲမျာကို တင်ပြခဲ့ကြပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


