ကောလင်း ၆ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်း-ဝန်းသို ကျေးရွာချင်းဆက်မြေသားလမ်းသည် မိုးအခါ၌ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးကာ သွားလာရေးခက်ခဲသဖြင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်း များကို ဒီဇင်ဘာ ၂ ရက်နေ့တွင် ဆောင်ရွက်ခဲ့သည်။

၎င်းလမ်းပြုပြင်ရန်အတွက် ကောလင်းမြို့နယ် ဦးဟန်းထွန်း(ကျောက်ခွဲစက်)လုပ်ငန်းရှင်မှ လမ်းအတွက်လိုအပ်သည့် မြေကျောက်များအား လှူဒါန်းခဲ့ပြီး ဥသျှစ်ခုံကျေးရွာ ဦးညိုမောင်က မတည်ငွေ ၂သိန်း၊ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုပ်ဖို၊ သရက်အိုက်၊ ရှမ်းစု၊ စိန်လည်၊ သပြေသာ၊ ကြိုင်းခွင်၊ အောင်းကုန်း စသည့်ကျေးရွာများမှ လှူဒါန်းငွေကျပ် ၁၄ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၆ သိန်းဖြင့် ကိုယ်ထူကိုယ်ထစနစ် ကောလင်း-ဝန်းသို ကျေးရွာချင်းဆက် မြေသားလမ်း သွားလာရေး အခက်အခဲမရှိစေရန် ပြုပြင်ခဲ့ကြသည်။

ယင်းကျေးရွာချင်းဆက် မြေသားလမ်းမှ လမ်းအကျယ် ၂၄ ပေ၊ ဒု ၁ ပေ၊ မြေသားဘောင်တင်ခြင်း ၂ မိုင်တို့ကို ပြုပြင်ခဲ့ရာ ပြီးစီးပါက အဆိုပါဒေသရှိ ကျေးလက်နေပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအကျိုးပြုလာမည်ဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)