ကောလင်း ၁၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များတွင် မိုးရွာသွန်းမှုနည်းပါးပြီး ချောင်း၊ မြောင်းများ ရေမရှိခြင်းကြောင့် မိုးစပါးစိုက်တောင်သူ အချို့အောင်ရေများလိုအပ်လျက်ရှိကြောင်း သိရသည်။
ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ မိုးစပါးစိုက် တောင်သူများသည် မေလနှင့်ဇွန်လ ပျိုထောင်သည့် အချိန်မှစ၍ မိုးရေများလုံလောက်မှု မရှိခြင်းကြောင့် စက်ရေတင်၍ ပျိုးထောင်ခြင်းများ၊ စပါးစိုက်ပျိုးခြင့်များကို စက်ရေတင်၍ စိုက်ပျိုးခဲ့ကြရသည်။ ယခုဆိုရင် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအနေဖြင့် အောင်ရေများလိုအပ်လျက်ရှိသည်။
"ချောင်းမြောင်းများနှင့်နီးသော လယ်မြေများအနေဖြင့် ရေစက်တင်ခဲ့ကြသော်လည်း၊ စိုက်ပြီးသည့် အချိန်မှစ၍ ရေများလုံလောက်မှုမရရှိခြင်း၊ စိုက်ချိန်နောက်ကျခြင်းကြောင့် ပေါင်းမြက်များ ပေါက်ရောက်မှုများခြင်း၊ အပင်ကောင်းစေရန် ဓာတ်မြေဩဇာများ ပိုမိုသုံးစွဲရခြင်းကြောင့် ကုန်ကျစရိတ်များကာ ယခုအခါ ချောင်းမြောင်းများတွင် ရေမရှိခြင်းကြောင့် စက်ရေတင်ရန်လည်ရေမရှိ စပါးပင်များမှာ အဖုံးအလုံးများဖြင့်ထွက်ခါနီဖြစ်နေပြီး နိုဝင်ဘာ ၁၀ရက်နေ့နှင့်၁၁ရက်နေ့ မိုးရွာသော်လည် စပါးခင်းများသည် ပတ်ကြားအက်များဖြစ်နေသဖြင့် စိုရုံသာစိုခဲ့သဖြင့် မိုးသည်းထန်စွာရွာသွန်းမှသာ စပါးနှံများ အောင်မြင်မည်ဖြစ်ပြီး မိုးမရွာလျှင် ကျွန်တော်အပါအဝင် လယ်နီးချင်း လယ်ဧက(၁၀ဝ)ခန့် ပျက်စီးမည့်အနေအထားနှင့် ကြုံတွေ့နေရသဖြင့် အောင်ရေများ လိုအပ်လျက်ရှိကြောင်း" ဝန်းသို့မြို့နယ်၊ သရက်အိုက်ကျေးရွာ ဦးအောင်ကြီးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များတွင် ဩဂုတ်လမှစတင်၍ မိုးရွာသွန်းမှုနည်းပါသဖြင့် လယ်မြေများသည် ပတ်ကြားများအက်ကွဲကာ မိုးစပါးစိုက်ဧကများစွာ အောင်ရေများလိုအပ်လျက် ရှိကြောင်း သိရသည်။
မြင့့််ထွန်းမင်း(ပြန်/ဆက်)


