ကောလင်း၊ ၁၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူအချို့သည် ဒေါင်းမြူးချောင်းကို အခြေခံ၍ ရွှေပဲသီး(ခေါ်)ဂေါ့ပဲသီးကို စနစ်တကျ စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်များထက် အထွက်နှုန်း ပိုမိုထွက်ပြီး အမြတ်ငွေများ ပိုမိုရရှိကြောင်း သိရသည်။
"ရွှေပဲသီး(ခေါ်)ဂေါ့ပဲသီးကို နှစ်တိုင်း ဧကဝက်ခန့် စိုက်ပျိူးပါတယ်။ ယခင်နှစ်များတွင် ရွှေပဲသီးကို စက်ခုတ်၊ နွားနှင့် ထည်ထိုပြီး မျိုးကျဲပက်ကာ မြေဖုံး၍ စိုက်ပျိုးလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ရွှေပဲသီးကို လူကြိုက်များလာ၍ ဈေးကောင်းသဖြင့် စနစ်တစ်ကျ စိုက်ပျိုးခဲ့ပါတယ်။ ယခင် ကျဲပက်တုန်းကဆို ဧကဝက်ခန့်ကို နှစ်ရက်ခြားတစ်ခါ ကောက်မှ အချိန် ၂၀ လောက်ပဲရပြီး တစ်ပိဿာ ၁၀ဝ၀ ကျပ်သာ ရောင်းချရပါတယ်။ ယခုက ဝ ဒသမ ၂၅ ဧကကို တစ်ပင်နှင့် တစ်ပင်ကြား တစ်ပေ၊ အတန်းကြား တစ်ပေခွဲဖြင့် စနစ်တကျစိုက်ပျိုးခဲ့သဖြင့် စုစုပေါင်း ကုန်ကျစရိတ် နှစ်သောင်းခွဲခန့်သာ ကုန်ကျပြီး နှစ်ရက်ခြားတစ်ခါ ကောက်ကို အချိန် ၂၀ မှ ၃၀ အထိရရှိပြီး တစ်ပိဿာကို ၂၀ဝ၀ ကျပ် ရောင်းရသည့်အတွက် အထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိကာ အမြတ်ငွေ ပိုမိုရရှိပါတယ်"ဟု အုပ်ဖိုကျေးရွာမှ ဒေါ်ညွှန့်ရီက ပြောပြသည်။
အဆိုပါ ကျေးရွာများတွင် ရွှေပဲသီးကို တောင်သူအများစုက စိုက်ပျိုးကြသော်လည်း တစ်ဦးလျှင် အများဆုံးအဖြစ် ဧကဝက်ခန့်ထိသာ စိုက်ပျိုးကြကာ တစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံမျိုးစုံကို မျှတစွာစိုက်ပျိုးခြင်းက ပိုမိုများပြီး သီးနှံတစ်မျိုး ဈေးမကောင်းပါက အခြားဈေးကွက်ကောင်းသော သီးနှံဖြင့် အကျိုးအမြတ်ပြန်ရရှိရန် ရည်ရွယ်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ ရွှေပဲသီး(ခေါ်)ဂေါ့ပဲသီးသည် အရင်းအနှီးအနည်ငယ်၊ မြေအကျယ်အဝန်း အနည်းငယ်ဖြင့် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


