ကောလင်း ၂၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ယနေ့နံနက် ၁၀ နာရီအချိန်က စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
"လုပ်ငန်းရှင်တွေအနေနဲ့ ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့်အညီ ကုန်တံဆိပ် အမှတ်အသား အမျိုးအမည် အရွယ်အစား ထားသိုသိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်းတွေ သက်တမ်းကုန်ရက်စွဲ ထုတ်လုပ်မှုအမှတ်စဉ်တွေ အမည်လိပ်စာတွေနဲ့ ပါဝင်မှုအချိုးအစား ဘေးထွက်ဆိုးကျိုးများ၊ ကြိုတင်သတိပေးချက်တွေကို သိသာထင်ရှားစွာဖော်ပြပေးရမှာပါ။ ဒီလိုမှမဟုတ်ရင် စားသုံးသူအကာအကွယ်ပေးရေးအတွက် လုပ်ထုံး/လုပ်နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရတော့မှာပါ ရောင်းချသူတွေအနေနဲ့လည်း ဥပဒေတွေရှိထားပြီးသားပါ" ဟု ခရိုင်ဦးစီးမှူး ဦးသန်းပိုက ပြောသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းပို၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးမြင့်ကြိုင်၊ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇေလတ်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဆွေနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ထွန်းနွယ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကောလင်းမြို့မဈေးအတွင်းရှိ စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး စားသောက်ကုန်ပစ္စည်းအရောင်းဆိုင် များအား အများပြည်သူသိရှိရန် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးစာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ပြန်/ဆက်)
မြင့်ထွန်းမင်း(ဓာတ်ပုံကျွမ်းကျင်-၂)