ကောလင်း ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူငွေများကို ဇူလိုင် ၁၅ ရက်မှ စတင်အလှူငွေလက်ခံပြီး အဝေးရောက်ကောလင်းသူ၊ ကောလင်းသားများနှင့်တကွ ဒေသခံပြည်သူများနှင့် စေတနာရှင်များ၏ စိတ်အားတက်ကြွစွာ ပါဝင်ထည့်ဝင်မှုကြောင့် ဇူလိုင် ၁၇ ရက်တွင် အောက်စီဂျင်စက်ဝယ်ယူရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး စရံငွေ အမေရိကန်ဒေါ်လာ ၂၃၅၀၀ ပေးချေနိုင်ခဲ့သည်။ စာချုပ်ချုပ်ဆိုပြီး ၄၅ ရက်အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပြီး ကောလင်းမြို့သို့ အမြန်ဆုံး သယ်ဆောင် တပ်ဆင်သွားမည် ဖြစ်ကြောင်း ကောလင်းမြို့အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ဆက်လက်ပြီး မြို့နယ်အောက်စီဂျင်စက်ရုံအတွက် လျာထား အောက်စီဂျင် 40 Liter အိုး အလုံး ၁၀၀ ခန့်ကို မှာယူတင်သွင်းနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် မြို့တွင်းလတ်တလော အောက်စီဂျင်အိုး လိုအပ်ချက် မြင့်မားလာမှုကြောင့် တိုက်ရိုက်တင်သွင်းမှု မရောက်မီကြားကာလတွင် လုံလောက်စွာ အသုံးပြုနိုင်ရန် အတွက် အိုး ၅၀ ခန့်ကို ယခုလကုန်ရက်အတွင်း ပြည်တွင်းမှ ဖြည့်တင်းဝယ်ယူသွားရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ရှေ့ဆက်လုပ်ငန်းစဉ်များတွင်လည်း ရွှေကောလင်း-အောက်စီဂျင်အသင်း၊ အောက်စီဂျင်ပံ့ပိုးကူညီနေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ စျေးဝယ်လူငယ် Volunteers များနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


