ကောလင်း   ၄   မေ

 

ကမ္ဘာပေါ်တွင် ကူးစက်ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြို့နယ်အတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကောလင်းမြို့နယ်၌ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင်  ကောလင်းမြို့ စည်ပင်သာယာဈေးအနီး ခန်သာကားဂိတ်နှင့် ဗိုလ်ချုပ်ပန်းခြံရှေ့တွင် သွားလာလျက်ရှိသော ခရီးသွားပြည်သူများအား ကျန်းမာရေးအသိပညာပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်များကို သိရှိလိုက်နာစေရန် ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲမြတ်သိန်း၊ မြို့နယ်ဆရာဝန်ကြီး ဦးမိုးဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အများပြည်သူများအား မလိုလားအပ်ဘဲ အိမ်အပြင်မထွက်ကြရန်၊ လိုအပ်၍အိမ်အပြင်ထွက်သည့် အခါတွင်လည်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုကြရန်နှင့် လက်အိတ်များ ဝတ်ဆင်အသုံးပြုကြရန် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)