ကောလင်း      ၂၁    အောက်တိုဘာ      

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ တိုင်းဆေးဝါးများနှင့်  သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၉ နာရီက ကောလင်းမြို့ တိုင်းရင်းဆေး ဆိုင်များ၊ ဆေးမျိုးစုံ အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ကသာခရိုင် စားသုံးသူရေးရာ ဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးကျော်စိန်ဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချမ်းမြေ့အောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ကြိုင်၊ တိုင်းရင်းဆေးဦးစီးဌာန ဆေးခန်းမှူး ဒေါ်ဆွေဇင်မြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကောလင်းမြို့အတွင်းရှိ တိုင်းရင်းဆေးဆိုင်များ၊ ဆေးမျိုးစုံအရောင်းဆိုင်များ၊ကုန်စုံဆိုင်များအား မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိမရှိ စစ်ဆေးခဲ့သည်။

 

 

ထို့နောက် ဆေးဝါးအရောင်းဆိုင်များကို အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး  မှတ်ပုံတင် ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူသိရှိရန် စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

 

မြင့်ထွန်းမင်း(ပြန်/ဆက်)