ကောလင်း ၁၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဥမှင်ကုန်းကျေးရွာအုပ်စု၊အင်တိုင်ပုံကျေးရွာ၌ NEP Phase-1 စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း ၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းခန့်ဦးတို့က ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးတို့က အမှာစကား ပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းခန့်ဦးက ယခုလို ကျေးရွာလျှပ်စစ်မီးကို အောင်မြင်စွာဖွင့်လှစ် နိုင်ခဲ့သည့်အတွက် အဆိုပါကျေးရွာရှိ ကျေးရွာနေ ပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၄)နာရီလျှပ်စစ်မီးကို အကျိုးရှိစွာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း NEP စီမံကိန်းအကြောင်းနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် သတိပြုလိုက်နာရမည့်အချက်များကိုအသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အလုပ်မှု ဆောင်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် လျှပ်စစ်ဌာနမှတာဝန်ရှိသူများ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)


