ကောလင်း  ၂၂   

 

စက်တင်ဘာစစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်အတွင်း မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မိတ်ဆက်ခြင်းနှင့် မြို့နယ်လူငယ်ကိုယ်စားလှယ် ရွေးချယ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန်ခန်းမ၌ ကျင်းပခဲ့သည်။အခမ်းအနားတွင် ကောလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဦးကျော်ဇင်သန့်က " ကျွန်တော်တို့ အနေနဲ့ ဒီကနေ့ အခမ်းအနားကို နိုင်ငံနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒများအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ မြို့နယ်အဆင့် လူငယ်ကိုယ်စားလှယ်ရွေးချယ်လိုခြင်း ရည်ရွယ်ချက်များနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်။

 

လူငယ်ရေးရာမူဝါဒ ဆိုသည်မှာ နိုင်ငံအတွင်းမှာရှိတဲ့ လူငယ်များ၏ အလားအလာကောင်းများကို ဖြည့်ဆည်းရန်၊ လိုအပ်သောအရင်းအမြစ်များ ပံ့ပိုးမှုများ၊ ဝန်ဆောင်မှုများကို စနစ်တကျ ဖော်ညွှန်းထားသော မူဘောင်တစ်ခုဖြစ်ပါတယ်။သက်ဆိုင်ရာအစိုးရအနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ လူငယ်များကို ဘယ်လိုလူငယ်တွေဖြစ်လာအောင်၊ ဘယ်လိုပုံစံမျိုးနဲ့ ပျိုးထောင်ကြီးပြင်း စေချင်သလဲဆိုတဲ့ အနာဂတ်အမြော်အမြင်၊ လူငယ်များဘဝ မြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်မည့် မဟာဗျူဟာ လမ်းညွှန်ချက်များကို ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်ပါတယ်။ " ဟု  ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ကောလင်းမြို့နယ် မြို့နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပွဲကို ဆက်လက် ကျင်းပခဲ့ရာ တက်ရောက်လာကြသော နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များက လူငယ် ( ၄ ) ဦးအား အဆိုတင်သွင်းခဲ့ကြသည်။ အဆိုတင်သွင်းထားသော လူငယ် ( ၄ ) ဦးအား တက်ရောက်လာကြသော တာဝန်ရှိ ပုဂ္ဂိုလ်များမှ လျှို့ဝှက်မဲစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ရာ ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာမှ မောင်ဖြိုးမောင်မောင် (၁၃) မဲဖြင့် အနိုင်ရရှိပြီး ကောလင်းမြို့နယ် လူငယ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ကောလင်းမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN