ကောလင်း ၂၀ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီ၊ ကောလင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုစေရန်အတွက် ကောလင်းမြို့နယ်အတွင်းရှိ စျေးများတွင် အခမဲ့ဖြန့်ဝေရန် ပြည်သူ့အားကစားခန်းမ၌ လူငယ်စေတနာ့ဝန်ထမ်းများဖြင့် နှာခေါင်းစည်းများ ချုပ်လုပ်လျက်ရှိသည်။
မြို့နယ်အတွင်းရှိလူတိုင်း နှာခေါင်းစည်းတပ်ဆင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ လျော့နည်းစေရန် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းသည့်အနေဖြင့် ချုပ်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ချုပ်စက် (၁၀) ခုဖြင့်ချုပ်လုပ်ပြီး တစ်ရက်ကို နှာခေါင်းစည်း အခု (၃၀၀) ရရှိကြောင်း၊ ရရှိလာသည့် နှာခေါင်းစည်းများကို ကောလင်းမြို့နယ်အတွင်းရှိ အားကစားကွင်း (ယာယီစျေး)၊ သိရိမင်္ဂလာစျေး၊ မြို့မစျေး၊ အရှေ့စျေး စသည့်စျေးများအတွင်းရှိ စျေးသည်များ၊ စျေးဝယ်သူများအတွက် လုံလောက်သည့် နှာခေါင်းစည်းပမာဏ ရရှိသည်အထိ ချုပ်လုပ်၍ အခမဲ့ဖြန့် ဝေသွားမည် ဖြစ်ကြောင်းနှင့် ဖြန့်ဝေရာတွင်လည်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ပညာပေး အစီအစဉ်များနှင့်အတူ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ကသာခရိုင် လူငယ်ရေးရာကော်မတီ ကိုကျော်ဇင်သန့်က ပြောသည်။ ထို့အပြင် ကောလင်းမြို့နယ်အတွင်းမှ စက်ချုပ်သော ညီအစ်ကို မောင်နှမများအနေဖြင့် အချိန်ပိုင်း လုပ်အားဒါနပြုလုပ်နိုင်ပါကြောင်းလည်း ၎င်းကဆက်ပြောသည်။
မြင့်ထွန်းမင်း(ကောလင်း)