ကောလင်း ၃၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကောလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သဇင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးနှင့် မြို့နယ်စီမံကိန်းများ ရေးဆွဲရေးကော်မတီ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုး ရေးရန်ပုံငွေ သိန်းတစ်ထောင်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ (၁၇)ရွာရှိ ရွာတွင်းလမ်းများ ဂျင်းမြေခင်းခြင်းအတွက် တစ်ရွာလျှင် သိန်း ၂၀ကျပ်၊ကျေးရွာ (၉)ရွာရှိ ချောင်းကူးတံတားများအတွက် တစ်စင်းလျှင် ငွေကျပ်သိန်း ၃၀ လျာထားကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မြို့နယ်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိဒေသအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ တင်ပြကြပြီး မြို့နယ်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လမ်းပြုပြင်မှုများ၊ အခြားဆောင်ရွက်ရမည့် လုပ်ငန်းများကို အသီးသီး တင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများကို ပြန်လည် ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)