ကောလင်း  ၁၂  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးတင်စိုးနှင့် ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က မိမိတို့နိုင်ငံသည် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နေရာတွင် ပညာရေးကဏ္ဍဟာ အခြေခံကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးရာဌာနသည် ပညာရေးဌာနဖြစ်ကြောင်း၊ ယခုပွဲမှာ ဆုရရှိတဲ့ကျောင်းသား၊ ကျောင်းသူများသည် အတုယူစရာ စံပြကျောင်းသား ကျောင်းသူများ ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က အမှားစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေးက ပညာရေးစုံညီပွဲတော် ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နေ့ထူးနေ့မြတ်အထိမ်းအမှတ် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ပြိုင်ပွဲများတွင်  ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)