ကောလင်း  ၉   ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRSP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတည်ရွေးချယ်ဖွဲ့စည်းခြင်းကို ဇူလိုင် ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အိုင်ကြီးကျေးရွာ(မန်ကျည်းပင်စု)၊ကန်ပေါက်ကြီးကျေးရွာ၊လွှဲမောက်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


“ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRSP)ကို နိုင်ငံတော်ရဲ့ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်နဲ့ ကျေးလက်နေပြည်သူတွေရဲ့စိုက်ပျိုးရေး၊မွေးမြူရေး၊ အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေ အရင်းအနှီးတွေရရှိပြီး မိသားစုဝင်ငွေတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒီစီမံကိန်းကိုအကောင်အထည် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျေးရွာကော်မတီဝင်ခုနှစ်ဦးကိုလည်း ဆန္ဒမဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်"ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က ပြောသည်။


အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP တွင် အိမ်ခြေ ၁၀၀ နှင့်အထက် ကျေးရွာများအား ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၁ နှင့် ၁၀၀ ကြားအတွင်းရှိ ကျေးရွာများအား ကျပ်သိန်း၂၀၀၊ အိမ်ခြေ ၅၀ အောက် ကျေးရွာများကို ကျပ်သိန်း ၁၀၀ နှုန်းဖြင့် မတည်ထောက်ပံ့ပေးမည်ဖြစ်ပြီး ကောလင်းမြို့နယ်တွင် အိမ်ခြေ ၁၀၀ နှင့်အထက် ကျေးရွာ ၅ ရွာနှင့် အိမ်ခြေ ၅၁ နှင့် ၁၀၀ ကြားအတွင်းရှိ ကျေးရွာ ၁ ရွာ၊ စုစုပေါင်း ကျေးရွာ ၆ ရွာ ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)