ကောလင်း ၂၆ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမျိုးသူသည် အင်းမကျေးရွာနေ မြေးအဖွား(၂)ဦး ရေနစ်သေဆုံးကြောင်း သတင်းရရှိသဖြင့် ဆယ်တိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ အင်းမကျေးရွာ ရွာခွဲခေါင်းဆောင် ဦးစောလင်းဦးတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ပြီး အခင်းဖြစ်နေရာအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

စစ်ဆေးချက်များအရ အင်းမကျေးရွာမှ  ဒေါ်မဲ (၆၆)နှစ်နှင့် မဝေဝေမြင့် (၁၃)နှစ်တို့ မြေးအဖွားနှစ်ဦးသည် ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီခန့်တွင် နေအိမ်အတွက် စင်ထိုးရန်လိုအပ်လျက်ရှိသော ဂွတိုင်များခုတ်ယူရန် ကျောက်မဲတောင်ဘက်သို့ ထွက်သွားကြကြောင်း၊ ည ၇ နာရီခန့်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် နေအိမ်ရှိမြေးဖြစ်ကြသော အောင်ကျော်ထွန်း၊ ကျော်ဇင်ဝင်း၊ အောင်ဇင်ထွန်းနှင့် မျိုးမင်းဦးတို့မှ ရွာခွဲခေါင်းဆောင် ဦးစောလင်းဦးထံ အကြောင်းကြားသတင်းပို့ပြီး ရွာသားများနှင့်အတူ လိုက်လံရှာဖွေရာ ကျောက်မဲတောင်ခြေရင်းရှိ တောင်ကျရေချောက်ကန် တစ်ဖက်ကမ်းတွင် သေဆုံးသူ မဝေဝေမြင့်၏ ဖိနပ်နှင့် ဂွတိုင်တို့အား တွေ့ရှိရသဖြင့် အကျယ် ပေ (၁၀ဝ)၊ အနက် (၁၀)ပေခန့်ရှိ ရေကန်အတွင်း ရှာဖွေကြရာ သေဆုံးသူနှစ်ဦးတို့ကို ရေအောက်၌ (၄)ပေခန့်ခြား၍ သေဆုံးလျက်အနေအထားဖြင့် တွေ့ရှိရသဖြင့် ကမ်းစပ်သို့ ဆယ်ယူထားကြကြောင်း လိုက်ပါသူများမှ ပြောပြကြသည်။

 

အထက်ပါအမှုနှင့်ပတ်သက်၍ ကောလင်းမြို့မရဲစခန်းမှ သေမှု/သေခင်းအမှုအမှတ် ၂၀/၂၀၂၀ ဖွင့်လှစ်၍ သေဆုံးသူများသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ကောလင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)