ကောလင်း၊  ၂  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်များအတွင်း ကျောက်ဆည်စပါး(ဧရာမင်း) အထွက်နှုန်း နည်းသော်လည်း စျေးကောင်းရရှိကြောင်း သိရသည်။

 

ယခုနှစ်တွင် ကောလင်းမြို့နယ် ကရာကုန်းကွင်း၊ ကြာအင်းကွင်း၊ ဝန်းသိုမြို့နယ်တွင် မကျီးကုန်းကွင်း၊ ကြိုင်းခွင်ကွင်း၊ ဇီးဖြူပင်ကွင်း၊ အုပ်ဖိုကွင်း၊ စိန်လည်ကွင်း စသည့်ဒေသများတွင် မှော်ဘီ(၂)၊ ဆင်းဧကရီ(၃) စပါးမျိုးများ စိုက်ပျိုးကြသော်လည်း ကျောက်ဆည်စပါး(ဧရာမင်း)ကို များစွာစိုက်ပျိုးကြပြီး စပါးပေါ်ချိန်တွင် တင်း ၁၀၀ လျှင် ၉ သိန်းဈေးဖြင့် တင်း ၄၀၀ ရောင်းချနိုင်ခဲ့ကြောင်း  အုပ်ဖိုကျေးရွာမှ တောင်သူ ဦးစိန်မင်းက ပြောသည်။

 

ယခင်နှစ်က ကျောက်ဆည်စပါး တင်း ၁၀၀ လျှင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပြီးပြီးချင်း ၈ သိန်းစျေးဖြစ်ပြီး ယခုနှစ်တွင် ၉ သိန်းမှ ၉ သိန်း ၃ သောင်းအထိ ပေးဝယ်နေပြီး စပါးဝယ်သူများသည် စပါးများသိုလှောင်ထားကာ စပါးစျေးကောင်းသည့်အချိန် မေလနှင့် ဇွန်လများတွင် ပြန်လည်ထုတ်ရောင်းကြကြောင်း စပါးဝယ်ယူသူ ဒေါ်နွဲ့ရီက ပြောသည်။

မြင့်ထွန်းမင်း(ကောလင်း)