ကောလင်း၊   ၂၉    ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ ရာသီဥတုကြောင့် နှမ်းအထွက်နှုန်းများ လျော့နည်းပြီး စျေးကောင်းမရရှိသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ  သိရသည်။

“နှမ်းက မနှစ်က တော်တော်စျေးကောင်းခဲ့တော့ ဒီနှစ်မှာ အများအပြား စိုက်ပျိုးကြပေမယ့် ရာသီဥတု ဖောက်ပြန်လို့ နှမ်းအထွက်နှုန်း တော်တော်လေး လျော့တယ်။ မနှစ်ကလောက်လည်း စျေးကောင်း မရဘူး။ ကိုဗစ်ကြောင့် တစ်မျိုး၊ တောင်သူလုပ်ငန်းရှုံးလို့ အကြွေးတင်တာတစ်မျိုးနဲ့ ဒီနှစ်တော့ တောင်သူအားလုံးလိုလို အဆင်မပြေဖြစ်ကြတာ များတယ်” ဟု ကောလင်းမြို့နယ် ရွာရှည်ကျေးရွာက ဦးထူးကြည်က  ပြောပြသည်။

ကောလင်းမြို့နယ်အတွင်း နှမ်းစိုက်ကာလ နှမ်းကျဲချိန် တစ်လအကျော် မိုးရွာသွန်းမှုများပြားကာ နှမ်းပင်များလဲ ကျပျက်စီးမှုများ ကြုံတွေ့ခဲ့ရသဖြင့် တောင်သူအချို့ မျှော်မှန်းထာသလောက် သီးနှံအထွက်နှုန်းမရကြကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယခင်နှစ်က စမုံနက်နှမ်းတစ်တင်းလျှင် ကျပ် ၇၅၀၀၀၊ ရိုးရိုးနှမ်းဖြူမှာ တစ်တင်းလျှင် ကျပ် ၅၀၀၀၀ ခန့်ရှိပြီး စျေးတည်ငြိမ်ခဲ့သော်လည်း ယခုနှစ်တွင် စမုံနက်နှမ်းတစ်တင်းလျှင် ငွေကျပ် ၄၇၀၀၀ မှ ၅၀၀၀၀ အထိလည်းကောင်း၊ နှမ်းဖြူမှာ ငွေကျပ် ၃၂၀၀၀ မှ ၃၅၀၀၀ အထိသာ ကုန်သည်များက ဝယ်ယူလျက်ရှိကြောင်း  သိရသည်။

ယခုအခါ နှမ်းစိုက်တောင်သူများမှာ နှမ်းစျေးနှုန်းကျနေသော်လည်း စျေးတက်သည့်အထိ သိုလှောင် မထားနိုင်ကြကြောင်း၊ မိသားစုစားဝတ်နေရေး၊ အလုပ်သမားခပေးရန်အတွက် စျေးမကောင်းသော်လည်း ချက်ခြင်းရောင်းချနေရကြောင်း  သိရသည်။

ယခုနှစ်တွင် စစ်ကိုင်းဒေသကြီးအထက်ပိုင်းရှိ စိုက်ပျိုးထားသော နှမ်းများမှာ ရာသီဥတုကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းသော်လည်း အချို့မြို့နယ်များတွင် ရိတ်သိမ်းချိန်တွင် မိုးများသဖြင့် အစိုပြန် အညှောင့်ပေါက်ခြင်းများနှင့် ကြုံတွေ့ရကြောင်းလည်း  သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)