ကောလင်း ၅  မေ   

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ကားမူးတတ်သည့် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကားမစီးခင် အမူးပျောက်ဆေး တစ်ပြားကြိုသောက်မိရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေ ၄ ရက် နံနက် ၆  နာရီခန့်က  ကောလင်းမြို့နယ် စွယ်ရကျေးရွာတွင် ဆေးသောက်မှား၍ သေဆုံးကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများသည်  အခင်းဖြစ်ပွားရာ နေအိမ်သို့ သွားရောက်စစ်ဆေးရာ  ဦးဝင်းဦး၏သမီး မအိချောမွန် (၁၇)နှစ်သည် နေအိမ်ဧည့်ခန်းတွင် သေဆုံးနေသည်ကို တွေ့ရသဖြင့် စုံစမ်းစစ်ဆေးခဲ့သည်။

 

ယင်းသို့စစ်ဆေးရာ မိခင်ဒေါ်တင်တင်နွဲ့နှင့် သမီးဖြစ်သူ မအိချောမွန်တို့သည် မန္တလေးသို့ကားနှင့် လိုက်ရမည်ဖြစ်၍ ကားမူးပျောက်ဆေး Stugeron ဆေးပြား နှစ်ပြားအား မိခင်နှင့်အတူ သမီးဖြစ်သူတို့ တစ်ယောက် တစ်ပြားစီ သောက်ခဲ့ပြီး ခဏအကြာတွင် သမီးဖြစ်သူ မအိချောမွန်က မူးကြောင်းပြောပြီး အိပ်နေရာမှ မနက် ၉ နာရီတွင် သမီးဖြစ်သူအား သွားနှိုးရာ နှာခေါင်းတွင် အမြှုပ်များထွက်ပြီး ပါးစပ်တွင် သွေးစများထွက်၍ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

ထို့ပြင် ၎င်းတွင်ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ သေဆုံးသွားသောကြောင့် ဖြစ်စဉ်အား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    

ကိုမင်း(အင်းတော်)