ကောလင်း ၁၈ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုစေရန်အတွက် ပျံကျဈေးသည်များအား ပြည်သူ့အားကစားကွင်းသို့ ပြောင်းရွှေ့ရောင်းချ နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကောလင်းမြို့နယ် မြို့မစျေးကြီးမှ ဆိုင်ခန်းပေါင်း ၆၉၉ ခန်းနှင့် ဝက်သားဆိုင် ၆ ဆိုင်နှင့် အမဲသားဆိုင် ၁ ဆိုင်သာ ကျန်ခဲ့ပြီး ပျံကျစျေးသည်များအား ပြည်သူ့အားကစားကွင်း၌ ရောင်းချနိုင်ရန် ယမန်နေ့က နေရာများ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပျံကျစျေးတွင် တစ်ဦးနှင့်တစ်ဦး အကွာအဝေး ၆ ပေစီ သတ်မှတ်ထားကာ မရှိမဖြစ်လိုအပ်သော အိမ်သာများ၊ အမှိုက်စွန့်ပစ်ရန်ထားရှိမည့် ကန်နှင့် ရေကားတစ်စီးထားရှိပေးရန် စီစဉ်ထားကြောင်း သိရသည်။
စျေးဝယ်သူ ဈေးရောင်းချသူများ အနေဖြင့် နှာခေါင်းစည်း Mask တပ်ရန်နှင့် နံနက် ၅ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)