ကောလင်း   ၁၄   ဧပြီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မဟာသင်္ကနြ် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးကို ယမန်နေ့က မြို့ကုန်းမြို့မရပ်ကွက်နှင့်ဥမှင်ကုန်း၊ ကျောက်ပြင်သာ၊ သပြေအိုင်၊ အင်ပင်လှ၊ တောင်ဘို့လ၊ သရက်ခုံ၊ ညောင်ဝန်း၊ ကြာအင်း၊ ဝါးရုံခုံ၊ အင်ပင်သာ၊ ဆင်ဂေါင်းအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၂၆၅၄)စုအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ စုစုပေါင်း ထောက်ပံ့မှုပစ္စည်း(၅)မျိုးကို အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အဆိုပါ ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကောလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၄)အုပ်စုမှ ထောက်ပံ့မှု ပစ္စည်း(၅)မျိုး ပေးအပ်ဖြန့်ဖြူးရမည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၁၂၅၄၇)စုရှိပြီး ကျန်ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများကိုလည်း အဆင့်ဆင့် ထောက်ပံ့ပေးအပ် နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)