ကောလင်း ၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့သို့မှ ထွက်ရှိသော အင်ဥမှိုများ ကောလင်းမြို့ ဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး သဘာဝအင်ဥမှို လူကြိုက်များလာသဖြင့် ရှာဖွေရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ပင်လည်ဘူးမြို့နယ်၊ ရွာသာယာကျေးရွာ အင်ဥမှို ရှာဖွေရောင်းချသူ ဒေါ်ဝင်းကြည်ထံမှ သိရသည်။
အဆိုပါ အင်ဥမှိုသည် နှစ်စဉ်ဖြစ်ထွန်းသည့်မှိုကျင်းများတွင် ပေါက်ရောက်လေ့ရှိပြီး ယခုရာသီ၌ အင်ဥမှိုရှာဖွေသူများနှင့် ဖောက်သည်ယူကြသူများ၊ မှိုဝယ်ရောင်းချသူများ အပိုဝင်ငွေရရှိသည့် ရာသီဖြစ်သည်။
အင်ဥမှိုရောင်းဝယ်ကြရာတွင် တစ်တင်း၊ နှစ်တင်းစသည်ဖြင့် ခြင်တွယ်ရောင်းချသကဲ့သို့ လက်လီလက်ကား ဈေးကွက်တွင် တစ်ပြည်၊ နှစ်ပြည် စသည်ဖြင့်လည်းကောင်း နို့ဆီဘူးဖြင့်လည်းကောင်း ခြင်တွယ်ရောင်းချကြသည်။
ပေါ်ဦးပေါ်ဖျားအချိန် အင်ဥမှို တစ်ပြည်ကို ငွေကျပ် ၈၀ဝ၀ ရောင်းချရပြီး ယခုအင်ဥမှိုပေါများချိန်တွင် တစ်ပြည်ကို ငွေကျပ် ၃၅ဝဝ မှ ၄ဝဝ၀ ထိသာ ဈေးရှိသဖြင့် စားသုံးသူများလာပြီး၊ လူကြိုက်များလာသဖြင့် အချို့လက်ကားယူသူများသည် ရွှေဘို၊ မုံရွာ၊ မန္တလေးမြို့တို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုအခါ ကောလင်းဈေးကွက်သို့ ဝင်ရောက်လာသော အင်ဥမှိုများကို ရာသီပေါ် သီးနှံစာအဖြစ် ဝယ်ယူစားသုံးကြကြောင်း ထိုမှိုများကို ကန်စွန်းရွက်များ၊ ဝက်သားများနှင့်ရောနှော၍လည်း ချက်ပြုတ်စားသောက်ကြကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


