ကောလင်း ၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကိုယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်စခန်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အရည်အချင်းပြည့်ဝသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတော်၏စီမံကိန်းများ၊ ဝန်ကြီးဌာန၏ မူဝါဒလမ်းညွှန်ချက်များကို သိရှိနားလည်ပြီး မီးသတ်ဦးစီးဌာန၏မူဝါဒ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချသည့် သင်ခန်းစာများကို အထူးအလေးထား လေ့လာမှတ်သားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆန်းဦးနှင့်တာဝန်ရှိသူများက အရန်မီးသတ် တပ်ဖွဲ့ဝတ်စုံများပေးအပ်ကြရာ သင်တန်းသားများမှလက်ခံရယူကြသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးအား နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့့််ထွန်းမင်း(ပြန်/ဆက်)


