ကောလင်း    ဇူလိုင်    ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ Quarantine Centre တွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက Quarantine ဝင်ရောက်နေသူ ၃၂ ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံလုပ်သား နှစ်ဦး၊ လမ်းဦးစီးဌာနမှ လမ်းလုပ်သား ၄၀ နှင့် အချုပ်သား ငါးဦး စုစုပေါင်း ၇၉ ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုးဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူ လူနာသစ် ၄၉ ဦး စစ်ဆေး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိသည်။

ပိုးတွေ့ရှိသည့် အချုပ်သားများအား သီးသန့်အချုပ်ဆောင်တွင်လည်းကောင်း၊ ဆေးရုံလုပ်သား နှစ်ဦးနှင့် CBFQ ပိုးတွေ့လူနာ ခြောက်ဦးအား ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ လမ်းဦးစီးဌာန လမ်းလုပ်သား၂၇ ဦးအား ညောင်ကိုင်းကျေးရွာရှိ သီးသန့်လုပ်သားဆောင်တွင်လည်းကောင်း၊ ကျန်လူနာ ၁၆ ဦးအား CBFQ Center တွင်လည်းကောင်း အသီးသီးထားရှိပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။

ကောလင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၉ ဦးနှင့် သေဆုံးသူ လေးဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)