ကောလင်း ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ကျန်းမာရေး ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီက စတင်ကာ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ကောလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ပူးပေါင်းဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကောလင်းမြို့ ကန့်ဘလူအဝင်လမ်း၊ စက်ရုံလယ်ပြင်ရပ်ကွက် (စိုင်ဒူးဂိတ်) တွင်လည်းကောင်း၊ ကျော်ဇေယျာ (၁) ရပ်ကွက် (ဝန်းသို၊ ပင်လည်ဘူး အဝင်လမ်း) တွင်လည်းကောင်း၊ ကျောက်တန်း (ရွှေဘို-မြစ်ကြီးနားလမ်း) တွင်လည်းကောင်း ဌာနဆိုင်ရာများ စုပေါင်း၍ Covid-19 နှင့်ပတ်သက်သည် ကျန်းမာရေး စစ်ဆေးမှုများကို ခရီးသွားပြည်သူများအား (Touch Free Thermometer) (Laser Radiation Thermometer) များဖြင့် ကိုယ်အပူချိန် မြင့်တက်ခြင်း ရှိ မရှိ၊ အဖျားရောဂါ ရှိမရှိတို့ကို စစ်ဆေးခဲ့သည်။
အလားတူ ကောလင်းမြို့ အတွင်းရှိ အများပြည်သူ ဆက်သွယ်သွားလာရာ မြို့မဈေး၊ အဝေးပြေးကားဂိတ်များ၊ လမ်းဆုံ လမ်းခွနေရာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ဘုတ်များ စိုက်ထူခြင်း၊ အသံချဲ့စက်ဖြင့်မြို့တွင်း မြို့ပြင် လှည့်လည်ကြေညာခြင်း၊ အဝေးပြေးကားဂိတ်များတွင် လက်ဆေးရန်နေရာ စီစဉ်ပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဒေသခံပြည်သူများအနေဖြင့် ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် ယခုကဲ့သို့ အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ပြောကြားသည်။
ဒေသခံပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်၊ မြို့၊ ရွာ ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားသူ သံသယလူနာ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနနှင့် အမြန်ဆုံး ချိတ်ဆက်အသိပေး အကြောင်းကြားသွားရန်နှင့် အဆိုပါ သံသယလူနာများအတွက် စောင့်ကြည့်၊ ကုသ၊ ရောဂါ ရှာဖွေစစ်ဆေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ အထက်အဆင့်ဆင့်နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စောင့်ကြည့်ရန်နေရာများ စီစဉ်ထားရှိပြီးဖြစ်ရာ၊ အထောက်အကူပစ္စည်းများ စုဆောင်းခြင်းနှင့် အခြားလိုအပ်သည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာမိုးဆွေက ပြောကြားသည်။
မြင့်ထွန်းမင်း(ကောလင်း)


