ကောလင်း ၊ ၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျွန်းကလုံးကျေးရွာတွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီခန့်က ရွာသားတစ်ဦး ငါးဖမ်းရန်လက်လုပ်မိုင်း အသုံးပြုရာမှ လက်ထဲတွင် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လက်နှစ်ဖက်ပြတ်ထွက်ခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကောလင်းမြို့နယ်၊ ကျွန်းကလုံးကျေးရွာနေ ချိုတူးသည် ရွာမြောက်ဘက် (၁)မိုင်ခန့်အကွာ လျှော်တုံးချောင်းအနီး အကျယ်ပေ (၆၀)၊ အနက် (၆)ပေခန့်ရှိ ရေအိုင်အတွင်း ငါးရှာဖွေရန် ဒီဇင်ဘာ ၆ရက်နေ့ ညနေ ၄နာရီခန့်က လက်လုပ်မိုင်း (ရှို့မိုင်း) ဖြင့် ငါးမိုင်းခွဲရန် ကြိုးစားစဥ် လက်အတွင်း မတော်တဆ ပေါက်ကွဲ သွားရာ လက်(၂)ဖက်လုံး ပြတ်ထွက်သွားကြောင်း ရှမ်းကလုံးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့ချက်အရ သိရသည်။
အခင်းဖြစ်ရာနေရာသို့ ချောင်းနားရဲကင်းစခန်းမှူး ဒုရဲအုပ်သက်ဇော်အောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့သည် အခင်းဖြစ်နေရာသို့ သွားရောက်ပြီး လူနာအား ကောလင်းဆေးရုံမှ တစ်ဆင့် ကန့်ဘလူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ချိုတူး (၄၄)နှစ်အား ကောလင်းမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)