နေပြည်တော် ဒီဇင်ဘာ ၁၉
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးသန်းဝင်းတို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ ကော်မရှင်အဖွဲ့သည် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းအတွင်း လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော အမျိုးသမီးများကို ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ အမျိုးသမီး တကိုယ်ရည်သုံး ပစ္စည်းများ လုံလောက်စွာရရှိမှု၊ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးမှု၊ ချိုးရေကန်များ သန့်ရှင်းမှုနှင့် ရေလုံလောက်မှု ရှိ မရှိ အခြေအနေများအပြင် အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေး၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ ဘဝလုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေတို့နှင့် ကော်မရှင်မှ ယခင်လာရောက်စစ်ဆေးခဲ့စဉ်က အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်


