ကော့မုပွန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တွင် အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် လျာထားဆောင်ရွက်ပြီးဖြစ်

နေပြည်တော်  ၂၀ သြဂုတ်

 

ကော့မုပွန်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာန(ခွဲ)တွင် အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် လျာထားဆောင်ရွက်ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

 

ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး မေးမြန်းသည့် “မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပင်မအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းဖြင့် အသုံးစရိတ် စီမံကိန်းအစီအစဉ်တွင် လျာထားပြီးဖြစ်ကာ ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ရေအိမ်၊ ကွန်ကရစ်လမ်း အစရှိသည်တို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။


MDN
Credit; အမျိုးသားလွှတ်တော်