ရန်ကုန်  ၅  ဖေဖေါ်ဝါရီ

 

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာရှိ အစိုးရပိုင် စက်မှု(၁) ငှက်အော်စမ်း ရာဘာခြံပေါ်တွင် သီးနှံစိုက်ပျိုး၍ လုပ်ကိုင်စားသောက်ကြရန် စည်းကမ်းချက်များ ချမှတ်၍ လုပ်ကိုင်စေခဲ့ခြင်းအပေါ် စည်းကမ်းဖောက်ဖျက်ပြီး အစိုးရမြေကို အလွဲသုံးစား ရောင်းစားနေသူများအား ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ သိရသည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ကောမှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက “ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာရှိ အစိုးရပိုင် စက်မှု(၁) ငှက်အော်စမ်း ရာဘာခြံပေါ်တွင် သီးနှံစိုက်ပျိုး၍ လုပ်ကိုင်စားသောက်ကြရန် စည်းကမ်းချက်များ ချမှတ်၍ လုပ်ကိုင်စေခဲ့ခြင်းအပေါ် စည်းကမ်းဖောက်ဖျက်ပြီး အစိုးရမြေကို အလွဲသုံးစား ရောင်းစားနေခြင်းအား မည်သို့ပြန်လည်လုပ်ဆောင်၍ အရေးယူ ဆောင်ရွက်မည်ကို” မေးမြန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပိုင် ငှက်အော်စမ်း ရာဘာခြံသည် ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာတွင် တည်ရှိပြီး စုစုပေါင်းမြေဧရိယာ (၉၅၇)ဧက ရှိသည့်အနက် (၃၇၃) ဧကကို ဒေသခံပြည်သူများအား ငှားရမ်းလုပ်ကိုင်စေရန်အတွက် ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အဆိုပါ ရာဘာခြံမြေ (၃၇၃) ဧကကို (၂၀ဝ ပေ × ၁၀ဝ ပေ) ပတ်လည် မြေကွက် (၂၁၁)ကွက်၊ (၁၀ဝ ပေ × ၁၀ဝ ပေ) ပတ်လည်မြေကွက် (၇၀)ကွက်၊ စုစုပေါင်း (၂၈၁)ကွက် သတ်မှတ်၍ ဒေသခံပြည်သူ (၂၈၁)ဦးအား သီးနှံစိုက်ပျိုးလုပ်ကိုင်ရန် သတ်မှတ်စည်းကမ်းချက်များဖြင့် ခွင့်ပြုချထားပေးခဲ့ပါကြောင်း။

 

အဆိုပါ စည်းကမ်းချက်များတွင် ခွင့်ပြုသည့်မြေအား အခြားနည်းသုံးစွဲခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံရောင်းချခြင်း၊ လွှဲပြောင်းခြင်းများ လုံးဝမပြုလုပ်ရန်နှင့် စည်းကမ်းချက်များအား လိုက်နာရန် ပျက်ကွက်ပါက ငှားရမ်းသုံးစွဲခွင့်ရ မြေနေရာအား မည်သူ့ထံမှဖြစ်စေ ပြန်လည်သိမ်းယူခြင်းခံရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ အဆိုပါမြေပေါ်တွင် သီးနှံစိုက်ပျိုး လုပ်ကိုင်စားသောက်ရန် စည်းကမ်းချက်များ ချမှတ်လုပ်ကိုင်စေခဲ့ခြင်းအပေါ် စာချုပ်ပါ စည်းကမ်းများ ဖောက်ဖျက်ပြီး နေအိမ်အဆောက်အဦများ ဆောက်လုပ်ထားခြင်း၊ လက်ဆင့်ကမ်း လွှဲပြောင်းရောင်းချမှုများရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။ 

 

MDN