ကော့မှူး ၂၃ နိုဝင်ဘာ

 

ကျေးလက်ဒေသရှိ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေပြီး စာဖတ်ရှိန်များ မြင့်မားလာစေရန် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး စာတတ်သူတိုင်း စာဖတ်ကြစို့ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (public Talk) ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် စမ်းကောက်ကျေးရွာ အထက(ခွဲ) ကျောင်းတွင် ကျင်းပြုလုပ်သည်။

 

ပြည်သူ့စကားဝိုင်း (public Talk) ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ စာရေးဆရာမ ပေါက်ပေါက်၊ စာရေးဆရာမ မေအောင်လင်း၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာကြီး မြိုင်တင်လှိုင်နှင့် စာရေးဆရာခင်ဇော် (ကော့မှူး)တို့က စာတတ်သူတိုင်း စာဖတ်ကြရန်လိုကြောင်း၊ စာပေဖြင့် ဘဝတိုးတက် မြင့်မားနိုင်ပါကြောင်း၊ လူငယ်ဘဝမှာ အသိပညာ ဗဟုသုတများစွာ ရရှိဖို့လိုအပ်ပါကြောင်း ကုန်ကျစရိတ်အနည်းဆုံးဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေသည်မှာ စာဖတ်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ လူငယ်တွေကြားမှာ စာဖတ်သည့် အလေ့အထတွေ ထွန်းကားဖို့ လိုအပ်ပါကြောင်း နေ့စဉ် တိုးတက်ပြောင်းလဲနေသည့် ခေတ်ကြီးထဲမှာ လူငယ်တွေ အသိပညာ ဗဟုသုတတွေပြည့်စုံနေရမှာ ဖြစ်ပါကြောင်း မိမိတို့ အနာဂတ် နိုင်ငံ့တာဝန်များကို ယခုလူငယ်များက ပြောင်းလဲတာဝန်ယူကြရမှာ ဖြစ်ပါကြောင်း ဒါကြောင့် စာများများ ဖတ်ကြဖို့လိုအပ်ပါကြောင်း စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိပြီး ဘ၀တိုးတက် ပြောင်းလဲနိုင်မှာ ဖြစ်ပါကြောင်း အသီးသီး အကျယ်တဝင့် ဆွေးနွေးကြရာ ကျောင်းသား လူငယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။

 

ယင်းနောက် စာရေးဆရာမ ပေါက်ပေါက်၊ စာရေးဆရာမ မေအောင်လင်း၊ စာရေးဆရာ မြိုင်တင်လှိုင်၊ စာရေးဆရာမ ရည်လေးတို့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

(မောင်အေးချမ်း)