ကော့မှူး ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ ပြည်သူများနှင့်ပူးပေါင်း၍ ပြုလုပ်သော ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကော့မှူးမြို့နယ် ကိုးထောင်ကျေးရွာ လှည်းဆိပ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်းနှင့် ဦးလေးစိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြည်သူ့စကားဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စပါးအထွက်နှုန်းတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်စိုက်ပျိုးစို့၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအကြောင်း၊ ယခုနှစ်အတွင်း ဝန်ကြီးဌာန၏ မူဝါဒနှင့် ကျေးလက် လမ်း/တံတားများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်၊ ချေးငွေထုတ်ချေးခြင်း အကြောင်း၊ ဆည်မြောင်း ကဏ္ဍအကြောင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ပြည်သူများမှ သိလိုသည့်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)


