ကော့မှူး၊ ၉ ဇန်နဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ရှိ စံညီစာကြည့်တိုက်များအား မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီမှ သုတ/ရသ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
စာအုပ်စာစောင် လှူဒါန်းပွဲတွင် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက စာကြည့်တိုက်များ ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်က စာကြည့်တိုက်များအတွက် လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝါးဘလောက်သောက်ကျေးရွာ လောကပြတင်းစာကြည့်တိုက်၊ နတ်စင်ကုန်းကျေးရွာ လူငယ်အားမာန် စာကြည့်တိုက်၊ ကျိုက်ထော် (မ) ကျေးရွာ အမေ့ရွာစာပျိုးခင်း၊ မှော်တောကျေးရွာ ကျေးလက်လမင်းစာကြည့်တိုက်၊ ဝါးသိင်္ခကျေးရွာ ဘဝအလင်းစာကြည့်တိုက်၊ စမ်းကောက်ကျေးရွာ ရောင်နီဦးစာကြည့်တိုက်၊ ကိုးထောင်ကျေးရွာ ကျေးရွာစာကြည့်တိုက်၊ စက်စုကျေးရွာ ပညာအလင်းစာကြည့်တိုက်တို့အား တိုင်းဒေသကြီး စာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်း၊ Save the library ၊ Third story project နှင့် စေတနာရှင်များ၊ စာရေးဆရာ/ ဆရာမများ လှူဒါန်ထားသည့် သုတ/ရသ စာအုပ်စုစုပေါင်း ၂၃၄၅ အုပ်အား တာဝန်ရှိသူများက စာကြည့်တိုက် တာဝန်ခံများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)


