ကော့မှူး ၁၆ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် (KOICA) နှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေး ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်က ကျူတောချောင်ကျေးရွာတွင် ကျေးရွာအဆင့် စွမ်းအားမြှင့် မီးဖိုများအား စိုက်ပျိုးရေးဌာနမှ ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကော့မှူးမြို့နယ်အတွင်းက ကျေးရွာအုပ်စု (၂၅)အုပ်စု ကျေးရွာပေါင်း (၃၇)ရွာကို စွမ်းအားမြှင့် မီးဖိုအလုံး (၃၆၀၀)အား ဇန်နဝါရီလ နောက်ဆုံးအပတ်က မြို့နယ်အဆင့် ပေးအပ်ခဲ့ပြီး ယခုလိုကျေးရွာအရောက် တစ်ဦးချင်း ဆက်လက်ဖြန့်ဝေခြင်းဖြစ်ပါတယ်။ ကျေးရွာနေပြည်သူများ အနေဖြင့်လည်း ယခု မီးဖိုလေးတွေကို အကျိုးရှိအောင် အသုံးပြုပေးပါ။ အခြားသိချင်တဲ့ သတင်းအချက်အလက်တွေရှိရင် ဌာနကို ဆက်သွယ်မေးမြန်း အကူအညီတောင်းခံနိုင်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ခံ ဒေါ်လှကြည်က ပြောသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုပေးအပ်ပွဲသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးထာနမှ တာဝန်ရှိသူများ၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ မြို့နယ် TPI Unit အဖွဲ့ဝင်များ ကျေးရွာ VPI Unit အဖွဲ့ဝင်များ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်အေးချမ်း