ကော့မှူး ၁၉ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ရှိ ဒေသခံပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန်နှင့် စာအုပ်၊ စာစောင်များ အခမဲ့ အလွယ်တကူ ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်(၂)စီးဖြင့် ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် စာအုပ်များ အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျေးရွာနှင့် ကျောင်းများအရောက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်(၂)စီးဖြင့် သုတ၊ ရသ စာအုပ်များ၊ ကလေးစာပေများ၊ စာဖတ်သူအကြိုက် စာအုပ်၊ စာစောင်များကို (၂)ပတ်တစ်ကြိမ် သွားရောက် ငှားရမ်းပေးလျက်ရှိရာ ကျေးလက်နေပြည်သူများ၊ ကျောင်းသားလူငယ်များ အထူးသဘောကျ နှစ်ခြိုက်လျက်ရှိကြောင်း သိရှိရသည်။
“အရင်က စာဖတ်ချင်ပေမယ့် စာအုပ်သွားငှားဖို့ အချိန်မရတော့ စာမဖတ်ဖြစ်ဘူး။ အခုတော့ ကျနော်တို့ ကော့မှူးမှာ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်များဖြင့် ကျေးရွာအရောက် စာအုပ်တွေ အခမဲ့ လာငှားပေးတော့ အရမ်းအဆင်ပြေတယ်။ စာဖတ်သူအကြိုက် စာအုပ်အသစ်တွေ အများကြီး ပါလာတာကို လေ့လာတွေ့ရှိရပါတယ်။ ယနေ့လူငယ်တွေ စာများများ ဖတ်ဖို့လိုပါတယ်။ ကျောင်းတွေရှေ့မှာ ရပ်ထားတဲ့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်တွေပေါ်မှာ နောင်တခေတ်ရဲ့ ခေါင်းဆောင်လောင်း ကျောင်းသားလူငယ်တွေ စာအုပ်တွေ စိတ်ဝင်တစား လေ့လာဖတ်ရှု ငှားရမ်းနေတာကိုမြင်ရတော့ ဝမ်းသာကြည်နူးမိပါတယ်။ အခုလို အလွယ်တကူဖတ်ရှုနိုင်အောင် စီစဉ်ပေးကြတဲ့ တာဝန်ရှိတဲ့သူတွေကို ကျေးဇူးတင်ပါတယ်”ဟု ကော့မှူးမြို့နယ်မှ ဒေသခံတစ်ဉီးက ပြောကြားခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း





