ကော့မှူး မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ Max၊ Apex၊ ရွှေသရဖူစက်သုံးဆီ အရောင်းဆိုင် များတွင် မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များအား Bar Code နှင့် QR Code ဖြင့် စက်သုံးဆီရောင်းချနေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာသို့ မြို့နယ်စိစစ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်လွင်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက မော်တော်ယာဥ်များအား Bar Code နှင့် QR Code ဖြင့် စက်သုံးဆီရောင်းချနေမှု၊ စွမ်းအင်ဌာန၏ ညွှန်ကြားချက်အတိုင်းရောင်းချရေး၊ ရောင်းချရာတွင်လည်း ယာဥ်ကြောပိတ်ဆို့မှု မရှိစေရေး၊ အရောင်းဆိုင်အား အကြောင်မဲ့ပိတ်ထားခြင်းမရှိစေရေး စသည့်တို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် စက်သုံးဆီဆိုင်များတွင် လုပ်ငန်းသုံးဒီဇယ်ဆီရောက်ရှိမှုနှင့် ရောင်းချပေးနေမှု အသေးစိတ် စာရင်းအား နေ့စဥ်ပြုစုထားရှိခြင်း၊ စက်သုံးဆီရောင်းချရာတွင် P.O ညွှန်ကြားချက်များအတိုင်း လိုက်နာရောင်းချရန်၊ အများပြည်သူသုံး စက်တပ်ရေယာဥ်များ ပုံမှန်ပြေးဆွဲနိုင်ရေးအတွက် ရေယာဥ်မှတ်ပုံတင် လက်မှတ်မူရင်းအား လျောက်လွှာနှင့်အတူ ဆီဆိုင်သို့တင်ပြလာပါက စိစစ်ပြီး အမှန်တကယ်အသုံးပြုရမည့် အရေအတွက်ကိုသာ ရောင်းချပေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
စက်သုံးဆီအရောင်ဆိုင်များအနေဖြင့် ညွှန်ကြားချက်များ၊ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာမှု မရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)


