ကော့မှူး မတ် ၂၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအတွက် အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာ လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
ထိုသို့ ဈေးရောင်းချရာတွင် ဧည့်မထတစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ် ငွေကျပ် ၅၀၀၀ ဖြင့် ဆန်အိတ် (၁၀၀)ကိုလည်းကောင်း၊ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ် ငွေကျပ် ၈၅၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ် (၁၀၀)ကိုလည်းကောင်း၊ ကြက်ဥ (၁၀)လုံး တစ်ကတ်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ကြက်ဥ(၅၀)ကတ်ကိုလည်းကောင်း၊ ဆီငါးဆယ်သား တစ်ဘူးကို ငွေကျပ် ၂၉၀၀ ဖြင့် ဆီဘူး (၂၀၀)တို့ကို လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဈေးဝယ်ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အား ဝိုင်းဝန်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)


