ကော့မှူး မေ ၃

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်‌ရေးအတွက် အခြေခံစားသောက်ကုန်များအား  ယနေ့နံနက်ပိုင်းက မြို့သစ်ရပ်ကွက်ရှိ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ လာရောက်‌ရောင်းချပေးနေကြောင်း သိရသည်။

ထိုသို့ လာရောက်ရောင်းချပေးရာတွင် ဈေးဝယ်ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူနိုင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါဈေးကားတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့် ဆန်(၇၅)အိတ်အား လည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ငါးပြည်တစ်အိတ်ကို ငွေကျပ်  ၈၅၀၀ ဖြင့် ဆန်(၇၅)အိတ်အား လည်းကောင်း၊ ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၂၇၀၀ ကျပ်နှုန်းဖြင့် ဆီ(၃၀၀)ဘူးအား လည်းကောင်း၊ ကြက်ဥဆယ်လုံး တစ်ကတ်ကို ၁၆၀၀ ကျပ်ဖြင့် ကြက်ဥ(၅၀)ကတ်တို့ကို ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)