ကော့မှူး ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး အစိုးအရ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှု ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဧပြီ ၂၅ ရက် နံနက် ၉ နာရီမှစတင်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဈေးနှုန်းသက်သာစွာ လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ် ကျပ် ၅၀၀၀ ဖြင့် ဆန်အိတ် (၇၅)အိတ်အား လည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ် ကျပ် ၈၅၀၀ ဖြင့် ဆန်အိတ် (၇၅)အိတ်အား လည်းကောင်း၊ ဆီငါးဆယ်သားတစ်ဘူး ကျပ် ၂၇၀၀ နှုန်းဖြင့် ဆီ(၃၅၀)ဘူးအား လည်းကောင်း၊ ကြက်ဥတစ်ကဒ်လျှင် ကျပ် ၁၆၀၀ နှုန်းဖြင့် ကြက်ဥ (၅၀)ကဒ်တို့အား လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရွေ့လျားဈေးကားယာဉ်ဖြင့် လာရောက်ရောင်းချပေးမှုအပေါ် ကော့မှူးမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သူ ဒေါ်ရွှေမိက “အခြေခံစားသောက်ကုန် ပစ္စည်းတွေကို ယခုလို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးတာဟာ မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အရမ်းကိုအဆင်ပြေမှုရှိပါတယ်။ အပြင်ကဆိုင်တွေထက်လည်း ဈေးနှုန်းတွေက ချိုသာတဲ့အပြင် ရောင်းချသောပစ္စည်းတွေလည်း ကောင်းမွန်မှုရှိတယ်။ နောင်လည်း ယခုလို အမြဲလာရောက် ရောင်းချပေးစေချင်ပါတယ်။ ယခုလို လာရောက်ရောင်းချပေးရန် စီစဉ်ပေးသူများကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးဝယ်ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး ပြန်/ဆက်)


