မန္တလေး  ၁၈   သြဂုတ် 


ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း ဗဟိုအဆင့်ညှိနှိုင်းစည်းဝေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျောင်းအခြေပြုကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် နှီးနွှယ်သက်ဆိုင်သည့် ဝန်ကြီးဌာန၊ ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်၍ မိမိတို့၏ကိုယ်ပိုင်အရေးကိစ္စသဖွယ် ဆောင်ရွက်ကြမှသာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းအခြေပြုကျန်းမာရေးအဆင့် မြှင့်တင်မှုလုပ်ငန်း အကြောင်းအရာ (၇) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် “ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ” ကို  (၂၀၁၉) ခုနှစ်၊ ဇွန် (၁၂) ရက်နှင့် (၁၃) ရက်တို့တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းအကြောင်းအရာ (၇) ရပ်ကိုကျောင်းကျန်းမာရေးလုပ်ငန်း (၉) ခုနှင့် ချိန်ထိုး တိုက်ဆိုင်၍ တူညီရာလုပ်ငန်းများကို စုစည်းလုပ်ဆောင် သွားရမည်ဖြစ်ပါကြောင်း။


ယနေ့ကျင်းပသည့် ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွင် သဘောတရားများ ဆွေးနွေးခြင်းထက် လက်တွေ့ကျ၍ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများဆိုင်ရာ လမ်းပြမြေပုံ၊ ဗဟာဗျူဟာ၊ ဦးစားပေး အဆင့်အလိုက် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းကဏ္ဍအလိုက် တာဝန်ခွဲဝေ ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမူ ဘောင်များပေါ်ထွက်လာရေး ကိုအဓိကအလေးပေး ဆွေးနွေးသွားကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ-ဆရာအသင်းများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များမှ လုပ်ငန်း များတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုရှိမှသာ လုပ်ငန်းများရေရှည်တည်တံ့ကာ အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ပါဝင်ဆောင် ရွက်နိုင်ရန်အတွက်တာဝန်ရှိသူများမှ လက်တွဲ ခေါ်ယူသွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုလမ်းကြောင်း မှန်ကန်မှုရှိမရှိနှင့် အောင်မြင်မှုအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်းကိုလည်းchecklist များအသုံးပြု၍ စနစ်တကျ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။


လုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မာကာအောင်မြင်မှုရရှိနိုင်ရေးအတွက် ပညာရေး ကဏ္ဍနှင့် ကျန်းမာရေးနှင့်အားကစားကဏ္ဍတို့မှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်တွင် ရင်းနှီးစွာချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန် ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးရှိသည့် ပညာရေးကိုဦးတည်၍ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် သင်ယူမှုဝန်းကျင်ကောင်းဖြင့် သင်ယူတတ်မြောက်မှုစွမ်းရည်မြင့်မားရေးအတွက် ကာယ၊ ဉာဏကျန်းမာပြီးပျော်ရွှင်စွာဖြင့် သင်ယူနိုင်စွမ်းရှိရန် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ သို့သော် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာသင်ယူသူများကို ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ရန်အတွက် သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲခြင်း၊ သင်ကြား သင်ယူမှုနည်းလမ်းမြှင့်တင်ခြင်း၊ အလွတ်ကျက်မှတ်သည့် စနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ ကျောင်းလိုအပ် ချက်များဖြည့်ဆည်း ခြင်းစသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကိုမိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ ပူးပေါင်းပါဝင်ခြင်းစသည်တို့ဖြင့် ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း အဓိကစိန်ခေါ်မှုများဖြစ်သည့် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာမှုနှင့် ထိခိုက်မှုအန္တရာယ်၊ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသောလူနေမှုဘဝပုံစံများ များပြားလာမှု၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာနည်းပါးမှု၊ ဂိမ်းအလွန် အကျွံစွဲလမ်းခြင်း စသည် တို့၏ အန္တရာယ်များကိုကြုံတွေ့နေရပါကြောင်း။


ကျောင်းများ၊ တက္ကသိုလ်များတွင် ထိုစိန်ခေါ်မှုများကိုရင်ဆိုင်စီမံခန့်ခွဲဖြေရှင်းနိုင်ရေး အတွက် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ် များမှ ဆရာ၊ ဆရာမများအားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍လိုအပ် သောလုပ်ငန်းလမ်းညွှန်များပြုစုခြင်း၊ ကာလတိုဆင့်ပွားသင်တန်းများ ပို့ချလေ့ကျင့်ခြင်း တို့ကိုဆောင်ရွက်ပြီးအခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများအားလူထုလှုပ်ရှားမှုအသွင်ဖြင့် အကျိုးရှိထိရောက်စွာ အသိပညာပေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းပူး ပေါင်း ဆွေးနွေးအကြံပြုကြစေလိုပါကြောင်းပြောကြားသည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက အမှာစကား ပြောကြားသည်။


အဆိုပါ ညှိနှိုင်းစည်းဝေးပွဲတွင် ကျောင်းများကိုအခြေပြု၍ ကျန်းမာရေးအဆင့်မြှင့် တင်ခြင်း၊ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးနှင့် ဂိမ်းအလွန်အကျွံသုံးစွဲခြင်း အန္တရာယ်လျှော့ ချခြင်း၊ ဆေးလိပ်ကင်းစင်ကျောင်းများ၊ ကျောင်းသားများနှင့်အရက်စွဲအန္တရာယ်၊ မူးယစ် အန္တရာယ်ကြိုတင်ကာကွယ်၊ မျိုးဆက်ပွားကျန်းမာရေးပညာပေး၊ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်တားဆီးကာကွယ်၊ကျောင်းမုန့်ဈေးတန်းများတွင် အစားအသောက်အန္တရာယ် ကင်းရှင်းရေး၊ ဘဝတွက်တာကျွမ်းကျင်စရာသင်ရိုး၊ ကျောင်းအခြေပြုကျန်းမာရေးမြှင့် တင်မှုလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊မိဘဆရာအသင်း၏ အခန်းကဏ္ဍ၊ ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍ၊ ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ကြီး၏အခန်း ကဏ္ဍစသည့်အကြောင်းအရာခေါင်းစဉ်များဖြင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မိဘဆရာအသင်းကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်နှင့် ကျောင်းအုပ်ကြီးကိုယ်စားလှယ်များမှ ဝိုင်းဖွဲ့ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးလုပ်ငန်း မူဘောင်၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေးဆွေးနွေးအကြံပြုမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)