၂၀ မေ
ကျောင်းဖွင့်ချိန် နီးကပ်လာပြီဖြစ်သောကြောင့် မပျက်မကွက် ကျောင်းအပ်ရန် ကျောင်းသားမိဘများလည်း တာဝန်ရှိလာပါ ပြီ။ ကျောင်းဖွင့်ချိန်တွင် ကျောင်းသားမိဘများက မိမိရင်သွေးငယ်များအား ဂရုစိုက်၍ အချိန်မီ ကျောင်းအပ်ကြပါ။ ဇွန်လ ၁ ရက်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပါတော့မည်။ ကျောင်းအပ်နှံချိန် နီးကပ်လာသည်နှင့်အမျှ ကျောင်းအပ်နှံမည့် ကျောင်းသားမိဘအချို့ နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် ကြိုတင်ဆောင်ရွက်ရပါမည်။ ကျောင်းသားမိဘအားလုံးကို မဆိုလိုပါ။ အခက်အခဲ အနည်းငယ်မျှသာ ရှိပါသည်။
လွယ်မယောင်နှင့် ခက်
အသေးအဖွဲကိစ္စလေးပါဟု ထင်မှတ်မထားဘဲ တိကျ မှန်ကန် အချိန်မှန်ဆိုသကဲ့သို့ ကျောင်းအပ်နှံရာတွင် အဓိက လိုအပ်သော ကျောင်းသားမိဘအမည်၊ အမျိုးသား မှတ်ပုံတင် အမှတ်၊ ကျောင်းသား ကျောင်းသူ၏ အမည်၊ မွေးသက္ကရာဇ် (မွေး စာရင်း)၊ အိမ်ထောင်စုစာရင်း စသည့်အချက်များကို လွဲမှားမှုများမဖြစ်ရစေရန် တိကျမှန်ကန်စွာ ဖြည့်သွင်း၍ သက်ဆိုင်ရာ နေရာဒေသကျောင်းများတွင် ကျောင်းအပ်နှံရ မည်ဖြစ်သည်။ သို့ရာတွင် အချို့သော ရွှေ့ပြောင်း အလုပ်သမားများ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ပြုလုပ်ထား ရခြင်းမရှိသေးသော ကျေးလက်နေပြည်သူတချို့မှာ မိမိကလေးအား ကျောင်းအပ်နှံရာ၌ လိုအပ်သော အချက်အလက် မပြည့်စုံမှုကြောင့် မိဘများနှင့် ကျောင်းအပ်လက်ခံသူ ဆရာ ဆရာမများအကြား ဗျာများကြရသည်ကို နှစ်စဉ်နှစ်တိုင်း တွေ့နေရသည်။
“ကျောင်းစတင်အပ်နှံစဉ်ကတည်းက ကျောင်းသားမိဘ တွေရဲ့ အမည်၊ မှတ်ပုံတင်၊ နေရပ်၊ အိမ်ထောင်စုဇယား၊ မွေးစာရင်း စသည်တို့အပြင် ကျောင်းအပ်နှံတဲ့ ကလေးနာမည်၊ မွေးသက္ကရာဇ် ၊ အတိအကျ မှန်ကန်စွာ ထည့်သွင်းရေးသားရပါ တယ်။ ကျောင်းဝင်စာရင်းမှာ ရေးသွင်းမှတ်သားပေးပြီး ကျောင်းအပ်လက်ခံပြီးရင် နောက်တစ်ကြိမ် ပြန်လည်ပြင်ဆင် ပေးဖို့ရာ ခက်ခဲမှုများရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျောင်း အပ်နှံရာမှာ လိုအပ်တဲ့အချက်အလက်တွေ ပြည့်စုံဖို့လိုပါ တယ်” ဟု အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။
အစကောင်းမှ အနှောင်းသေချာမည်ဆိုသော စကားအရ မိဘများက မိမိ၏ သားသမီးများအား ကျောင်းအပ်စဉ်ကာလ ကတည်းက အထက်ပါ အချက်များကို မှားယွင်းမှု မရှိအောင် သေချာစွာ ကြည့်ရှုစစ်ဆေး၍ ကျောင်းအပ်နှံရပါမည်။ ကျောင်းသားမိဘများက သေချာစွာ မစစ်ဆေးဘဲ ကျောင်းအပ် နှံခဲ့ပါက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်မှသည် တက္ကသိုလ်၊ ကောလိပ်ရောက်သည့်တိုင်အောင် အလုပ် ဝင်ရောက်လုပ်ကိုင်သည့်နေရာ ဌာနများအထိ တစ်မျိုး (သို့) တစ်မျိုး အခက်အခဲများကို ကြုံတွေ့ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မှားယွင်းမှုတစ်မျိုးမျိုးဖြစ်သည့် မိဘ၊ သား သမီး၏ အမည်လွဲမှားမှု၊ စာလုံးပေါင်းသတ်ပုံ (မှားယွင်းမှု)၊ မွေးသက္ကရာဇ် (မှားယွင်းမှု)၊ မှတ်ပုံတင်နံပါတ် ( မှားယွင်းမှု)၊ အိမ်ထောင်စုစာရင်းမရှိခြင်းအပြင် အိမ်ထောင်စုစာရင်း မပြည့်စုံ ( မှားယွင်းခြင်း)တို့ကြောင့် ပထမဦးစွာ ကျောင်းအပ်နှံ ရာတွင် အခက်အခဲဖြစ်ရခြင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများအား အမျိုးသားမှတ်ပုံတင်များ ပြုလုပ်ပေးရာတွင် အခက်အခဲဖြစ်ရခြင်း ၊ ကျောင်းပြောင်းရွှေ့ အပ်နှံရာတွင် အခက်အခဲဖြစ်ရခြင်းကို ကြုံတွေ့ရမည်ဖြစ် သည်။
ကျောင်းသားမိဘများသည် မိမိ၏ရင်သွေးများကို ကျောင်းအပ်နှံရာတွင် အဓိက ကြုံတွေ့နေရသည့်ပြဿနာများ ဖြစ်သည့် မိမိ၏ အိမ်ထောင်စုစာရင်း ၊ မှတ်ပုံတင် ၊ မွေးသက္ကရာဇ်၊ အမည်နာမ လွဲမှားခြင်း၊ ( စာလုံးပေါင်းလွဲမှားခြင်း၊ အမည်နှစ်မျိုး၊ သုံးမျိုးဖြစ်နေခြင်း)၊ မိဘများ၏ အမည်/ မှတ်ပုံတင် အမှတ်လွဲမှားခြင်း (အိမ်ထောင်စုစာရင်းတွင် အမည်တစ်မျိုး၊ မှတ်ပုံတင်တွင် အမည်တစ်မျိုး၊ ကျောင်းအပ်စဉ်ကာလက မိဘများသည် ရပ်ဝေးတွင် သွားရောက် အလုပ်လုပ်နေသဖြင့် ဆွေမျိုးများက ကျောင်းအပ်နှံရာတွင် ကျောင်းဝင်စာရင်းတွင် အချက်အလက် မှားယွင်းစွာ ကျောင်းအပ်နှံခြင်း) စသည်တို့ ကြောင့် တချို့သော ကျောင်းသားမိဘများအတွက် ခေါင်းခဲစရာ ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရမြဲ ဖြစ်နေသည်။
ထိုအခါ လိုအပ်သော အမှားပြင်ဆင်ချက်များကို သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာများပြုလုပ်ရ သည်။ သတင်းစာများတွင် ဖခင်၊ မိခင်အမည်မှန်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ ကျောင်းသား ကျောင်းသူ အမည်မှန်များကို ထည့်သွင်းကြော်ငြာရသည်မှာလည်း လွယ်မယောင်နှင့် ခက်ခဲပြီး ငွေကြေးကုန်ကျသည့်အပြင် အချိန်ကုန် လူစိတ်ညှိုး နွမ်းမှုများ ဖြစ်ပေါ်ရသည်။ တစ်ခါတစ်ရံတွင် လိုအပ်သော အထောက်အထားများ အားလုံးပြည့်စုံစွာရှိနေသော်လည်း တစ်ခုခု တစ်နေရာမှာ မှားယွင်းမှုကြောင့် လဝက က ထုတ်ပေးသော အမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ထောင်စုဇယား အတွင်းမှ အမည်၊ မွေးသက္ကရာဇ်တို့က အမှန် (သို့) ကျောင်းမှ ကျောင်းဝင် မှတ်ပုံတင်စာရင်းရှိ အမည်၊ မွေးသက္ကရာဇ်က အမှန် ဖြစ်သည်ဟု ပြည်သူများအကြား ပြောဆိုမှုများရှိနေကြသောကြောင့် ပြင်ဆင်ရန် အခက်တွေ့နေရသေး၏ ။
“မှတ်ပုံတင်ထဲမှာ နာမည်က ဦးစန်းဝင်းပါ ၊ ကျောင်းဝင် စာရင်းမှာက ဦးဆန်းဝင်း ဖြစ်နေတော့ ဘယ်နာမည်ကို အတည် ယူပြီး ဘယ်နာမည်ကို ပြောင်းရမှန်း မသိဘူး၊ လဝကရုံးက မှတ်ပုံ တင်ကလည်း အမှန်၊ ကျောင်းကလည်း အမှန်ဆိုတော့ ဘယ်မှာ ပြင်လို့ ဘယ်လိုပြောရမှန်း မသိ၊ သတင်းစာမှာ ဖခင်အမည် ပြောင်း ကြော်ငြာထည့်ရတယ်၊ ငွေကုန်တာ အရေးမကြီးပါဘူး၊ ရွာမှာ နေတာဆိုတော့ သိပ်နားမလည်လို့ မြို့တက် စုံစမ်း ကြော်ငြာထည့်ရတယ်၊ အချိန်ကုန်တယ်၊ အလုပ်ရှုပ်တယ်” ဟု ယမန်နှစ်က သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အမည်ပြောင်း ပြုလုပ်သူ ကျောင်းသားမိဘများထံမှ သိရသည်။ ကျောင်းဖွင့် ရာသီတွင် နေ့စဉ်ထုတ် သတင်းစာများပေါ်တွင် “ဖခင်/ မိခင် အမည်မှန်ဖြစ်ပါကြောင်း၊ အမည်မှန် ဖြစ်ပါကြောင်း၊ တစ်ဦး တည်း ဖြစ်ပါကြောင်း” စသည့် ကြော်ငြာအများအပြားကို နေ့စဉ်တွေ့နေရခြင်းသည်ပင် အခက်အခဲဖြစ်နေမှုများကို ညွှန်းဆိုပြရာ ရောက်နေသည်။
ထို့ကြောင့် ကလေးငယ်များအား ကျောင်းအပ်နှံရာတွင် အဆိုပါကိစ္စရပ်များအား မှားယွင်းမှု မရှိရလေအောင် မိဘများက မိမိ၏ အိမ်ထောင်စုဇယားတွင် ၁။ အမည်နာမများအား စာလုံးပေါင်းမှန်ကန်အောင် သတိပြုရေးသားခြင်း။ ၂။ သားသမီးများ၏ မွေးသက္ကရာဇ် များအား မြန်မာနေ့ဖြင့် မှတ်သားခြင်းမပြုဘဲ အင်္ဂလိပ်နေ့စွဲ ဖြင့်သာ ရေးမှတ်ခြင်း။ ၃။ မိဘများ၏ အမျိုးသားမှတ်ပုံတင်များကို ထည့်သွင်းရေးသားရာတွင် မှန်ကန်စွာ ရေးသား ဖြည့်သွင်းခြင်း။ ၄။ အိမ်ထောင်စုစာရင်းသည် မရှိမဖြစ် လိုအပ်နေသောကြောင့် မပြုလုပ်ရသေးလျှင် မဖြစ်မနေ ပြုလုပ်ရခြင်းတို့ကို မိဘများက ကျောင်းဖွင့်ချိန်အမီ ဆောင်ရွက်ရမည်ဖြစ်သည်။
လွယ်ကူ အဆင်ပြေစွာ ကျောင်းအပ်နှံနိုင်ရန်
ကျောင်းသားမိဘများက မိမိတို့သားသမီးများကို ကျောင်းအပ်ရာမှာ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် အချို့သောကိစ္စရပ်များကို သက်ဆိုင်ရာဌာန၊ ကျောင်းများ ကလည်း အတတ်နိုင်ဆုံး ဖြေလျှော့ဆောင်ရွက်ပေးစေလို၍ အမြန်ဆုံး ကျောင်းအပ်နှံခွင့်ပေးရန်၊ ရရှိနိုင်သည့် အခွင့်အရေးများကို ဆောင်ရွက်ပေးရန် ကျောင်းသားမိဘများက မျှော်လင့်နေကြသည်။ နှစ်စဉ်နှစ်တိုင်း အချို့သော ကျေးလက်ဒေသနေပြည်သူများသည် မိမိတို့သားသမီးများကို ကျောင်းအပ်နှံရာတွင် မိမိတို့ ကိုယ်တိုင်ကပင် မှတ်ပုံတင်များ မပြုလုပ်ရသေးသောကြောင့်လည်းကောင်း၊ ပျက်စီးပျောက် ဆုံး၍ အသစ်ပြန်လည် မပြုလုပ်ရသေးသောကြောင့်လည်း ကောင်း၊ အမည်များသည်ပင် နှစ်မျိုးခန့် (အိမ်ထောင်စု စာရင်းတွင် တစ်မျိုး၊ ရွာအခေါ် တစ်မျိုး) ရှိနေသောကြောင့် လည်းကောင်း အခက်အခဲများရှိနေကြောင်း သိရသည်။
အစကောင်းရင် အနှောင်းသေချာ
ကျောင်းအပ်ရာတွင် အဆင်ပြေစေရန်အတွက် ကျောင်းသားမိဘများက မိမိတို့သားသမီးများကို အခြေခံ ပညာမူလတန်းအဆင့်မှာပင် တိကျသေချာမှန်ကန်စွာ၊ အချက်အလက်ပြည့်စုံစွာ လုပ်ဆောင်၍ ကျောင်းအပ်ခဲ့ မည်ဆိုပါက အလယ်တန်း၊ အထက်တန်း ၊ တက္ကသိုလ်များမှအစ အလုပ် ဌာနများအထိတိုင်အောင် အဆင်ပြေသေချာနေမည် ဖြစ်သည်။
အမည်၊ မိဘ၊ မွေးစာရင်းများ မှန်ကန်အောင် ဂရုပြု
မည်သို့ဆိုစေကာမူ ထိုကဲ့သို့သော အခက်အခဲများ မကြုံတွေ့စေရန်အတွက် ကျောင်းသားမိဘများသည် ကျောင်းစတင် အပ်နှံသည့် အချိန်ကပင် မိမိတို့ အိမ်ထောင်စု ဇယားပါအတိုင်း အမည်၊ မွေးသက္ကရာဇ်၊ အမျိုးသားမှတ်ပုံ တင်နံပါတ်များ မလွဲမှားစေရန် အထူးဂရုပြု၍ မိမိတို့ သားသမီး များကို ကျောင်းစတင်အပ်နှံရာတွင် အမှားအယွင်းမရှိ၊ အခက်အခဲမရှိအောင် ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ် ကြောင်းနှင့် ကျောင်းဖွင့်ချိန် နီးကပ်လာပြီဖြစ်သောကြောင့် အချိန်မီ ကျောင်းအပ်နိုင်ရန် အသိပေးတိုက်တွန်း ရေးသား လိုက်ရပါသည်။
ခွန်(ဝင်းပ)