ကျောင်းအပ်နှံရေး သီတင်းပတ်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှစတင်၍ လက်ခံဆောင်ရွက်ခဲ့ရာ ယနေ့လက်ရှိ၌ အခြေခံပညာ ကျောင်းအသီးသီးတွင် ကျောင်းသား ကျောင်းသူအားလုံးနီးပါး လက်ခံဆောင်ရွက်ပေးနိုင်ခဲ့သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၁၆- ၂၀၂၁)ကို ရေးဆွဲ၍ နယ်ပယ်ကိုးရပ်နှင့် ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်း ၁၂ ရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာရေးကဏ္ဍတွင် ယခုကျောင်းအပ်နှံရေးသီတင်းပတ် လက်ခံရေး အစီအစဉ်အား ထိရောက်စွာ အကောင်အထည် ဖော်နိုင်သည်ကို တွေ့ရသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဆောင်ရွက်ရာ၌ ကျောင်းနေအရွယ်ကလေးတိုင်း မည်သည့် ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူ မရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း မသင်မနေရ အခမဲ့ပညာရေး ဟူသည့် မူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်ဟုဆိုရမည်ဖြစ်သည်။

ပညာရေးဌာန၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏ ဆောင်ပုဒ်မှာ “မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီကြစို့” ဖြစ်ရာ ထိုဆောင်ပုဒ်ကို ပြည့်မြောက်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် အရည်အသွေးရှိသော ပညာသင်ယူခွင့်ကို ပညာရေးဌာနက ဆောင်ရွက်နေပြီဖြစ်ရာ မိဘပြည်သူအားလုံးတို့က မိမိတို့၏ကလေးသူငယ်များအားလုံး ကျောင်းနေနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

တစ်ချိန်သော ကာလက ယခုကဲ့သို့ ကျောင်းအပ်နှံရေးကာလသို့ ရောက်ပြီဆိုလျှင် ချို့တဲ့နွမ်းပါးသော ကျောင်းသားမိဘ အုပ်ထိန်းသူများအဖို့ မိမိကလေးငယ်များ ကျောင်းအပ်နှံရေး ကုန်ကျမှုအတွက် စိုးရိမ်ပူပန်မှုများ၊ အခက်အခဲ အကျပ်အတည်းများ ဖြစ်ခဲ့ကြပါသည်။ ကျောင်းနေအရွယ် သားသမီးများသော မိဘများအဖို့ ကျောင်းအပ်နှံရန်အတွက် ရှာရဖွေရနှင့် သောကပွေခဲ့ကြရပါသည်။ ယခုအခါ ဤသို့မဟုတ်ပြီ။ ပညာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်သစ်ကြောင့် ကျောင်းသားမိဘများ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့နေကြပြီ ဖြစ်သည်။

ကျောင်းသားများကို ကျောင်းအပ်လက်ခံကြသော ဆရာ ဆရာမများ အနေဖြင့်လည်း ကျောင်းအပ်နှံရေး သီတင်းပတ် မရောက်မီ စနစ်သစ်ပညာရေးအတွက် သင်တန်းများတက်ရောက်ခဲ့ကြသည်။ ပင်ပန်းသည်ဟု သဘောမထားဘဲ ကျောင်းနေ အရွယ် ကလေးတိုင်းကျောင်းနေရေး ပညာရေးရည်မှန်းချက် အောင်မြင်စေရန် တက်တက်ကြွကြွ ဆောင်ရွက်ပေးကြသည်။ မည်သည့်အခကြေးငွေ မျှမပေးရဘဲ အခမဲ့ကျောင်းလက်ခံပေးခဲ့ကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

အသက်ငါးနှစ်ပြည့်သူတိုင်းအား သူငယ်တန်း(KG)တွင်လည်းကောင်း၊ အသက်ခြောက်နှစ်ပြည့်ပြီး သူတိုင်းအား ပထမတန်း (Grade 1)တွင် လည်းကောင်း ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မူလတန်းအဆင့် ကျောင်းသားအားလုံး စာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အင်္ဂလိပ်စာတတ်ရန်၊ အတွက်အချက်တတ်ရန် အလေးထားဆောင်ရွက်နေကြပြီ။ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘ၊ ဆရာအားလုံး ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ လူငယ်လူရွယ်များ အခြေခံပညာရေးကို လက်လှမ်းတမီ သင်ယူနိုင်ခွင့်ရရှိရေးအတွက် မသင်မနေရ အခမဲ့ ပညာရေးစနစ်မှာ အောင်မြင်မှုသို့တက်လှမ်းနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်၍ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေးကို မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး လက်တွဲပူးပေါင်းကာ ဆက်လက်ကြိုးပမ်း အားထုတ် ရမည် ဖြစ်ပါကြောင်း။     ။
(ကြေးမုံ)