စကားပြောခြင်းသည် လူနှင့် အခြားသက်ရှိသတ္တဝါတို့အကြား အဓိက အကျဆုံး ခြားနားချက်ပင် ဖြစ်သည်။ လူသည်သာ စကားပြောဆိုနိုင်ပြီး အခြားသတ္တဝါတို့က စကားမပြောနိုင်။ လူတို့၏ အပြုအမူများအနက် စကားပြောခြင်း(ဝစီကံ) သည် နေ့စဉ် အများဆုံးပြုလုပ်လေ့ရှိကြသော အပြုအမူဖြစ်သည်။ စကားပြောခြင်းဖြင့် ဆက်သွယ်ဆက်ဆံကြသည်။ စကားပြောခြင်းဖြင့် မိမိတို့၏ သဘောထားများကို ဖော်ပြကြသည်။ စကားပြောခြင်း(ဝစီကံ)ကြောင့် ကောင်းကျိုးရော မကောင်းကျိုးပါ ဖြစ်ပေါ်စေသည်။ သုစရိုက်ကိုရော ဒုစရိုက်ကိုပါ စကားဖြင့် ဖန်တီးနိုင်သည်။
မကောင်းသည့်စကား ဝစီဒုစရိုက်က အမုန်းမီးကို ပွားစေသည်။ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည်။ သံသယတို့ကို ပွားစေသည်။ ဒေါသတို့ကို တောက်လောင်စေသည်။ ဝစီဒုစရိုက်ကြောင့် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံတို့အကြား ယုံကြည်မှု၊ ရင်းနှီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတို့ ပျက်ယွင်းစေပြီး ရန်ပွဲ၊ စစ်ပွဲများနှင့် ပျက်စီးမှု၊ ဆုံးရှုံးမှုတို့ဖြစ်လာနိုင်သည်။ မြင်လျှင် မြင်သည့်အတိုင်း၊ ကြားလျှင်ကြားသည့်အတိုင်း၊ တွေ့လျှင် တွေ့သည့်အတိုင်း၊ သိလျှင် သိသည့်အတိုင်း ပြောအပ်သည်မဟုတ်။ မြင်၊ ကြား၊ တွေ့ ၊ သိ စသည်တို့ကိုပြော၍ ကုသိုလ်တရားတို့ တိုးပွားစေပြီး အကုသိုလ်တရားတို့ ဆုတ်ယုတ်စေမှသာလျှင် ဟြေအပ်သည်ဟူ၍ ဗုဒ္ဓက ဆုံးမခဲ့သည်။
တစ်ဖန် အင်္ဂါငါးမျိုးနှင့် ပြည့်စုံသောစကားကိုသာ ကောင်းစွာ ဆိုအပ်သည်ဟူ၍လည်း ဟောကြားတော်မူခဲ့သည်။ အင်္ဂါငါးတန်နှင့် ပြည့်စုံသော စကားဆိုသည်မှာ-
၁။ပြောဆိုရန် အခါအခွင့်သင့်ရောက်သောကာလ၌ ဟြေဆိုခြင်း၊
၂။မှန်ကန်စွာပြောဆိုခြင်း၊
၃။နူးညံ့သိမ်မွေ့စွာဟြေဆိုခြင်း၊
၄။အကြောင်းအကျိုးနှင့်စပ်သည်ကိုသာလျှင် ပြောဆိုခြင်း၊
၅။မေတ္တာရှေ့ထား၍ ပြောဆိုခြင်းတို့ပင်ဖြစ်သည်။ သို့ဖြစ်သည့်တွက် အခါအခွင့်မသင့်သည့်စကား၊ မမှန်မကန်သည့်စကား၊ ကြမ်းတမ်းခက်ထန်သည့်စကား၊ အကြောင်းအကျိုးနှင့် မစပ်သည့်စကား၊ ဒေါသအမျက်အာဃာတတို့ ဖုံးလွှမ်းသည့်စကားတို့သည် ဆိုဖွယ်ရာ မဟုတ်သည်မှာ ထင်ရှားပါသည်။
“အစိုးရဘက်ကပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေဘက်ကပဲဖြစ်ဖြစ်၊ ပြည်သူလူထုဘက်ကပဲဖြစ်ဖြစ်၊ ပြောတဲ့စကားများဟာ မှန်ကန်ဖို့အရေးကြီးသလို အကျိုးရှိဖို့လည်း အင်မတန်မှ အရေးကြီးပါတယ်။
“အချို့ကိစ္စတွေကျတော့ အမှန်လည်းဖြစ်တယ်။ နိုင်ငံအတွက် အကျိုးရှိမှာ ဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ၊ အဖွဲ့အစည်းအရ မကျေမနပ် ရှိနိုင်ပေမယ့်လည်း ပြောသင့်ပြောထိုက်တာ ပြောရတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပြောပုံပြောနည်းလည်း ရှိပါတယ်။ ပြောပုံပြောနည်း တော့ ယဉ်ကျေးသိမ်မွေ့စေချင်ပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ တန်ဖိုးကို ဖြတ်တာပဲ ဖြစ်ပါတယ်”ဟူ၍ မတ်လ ၁၄ ရက် ပြည်ခရိုင်အတွင်းရှိ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြား ခဲ့သည်ကို သတင်း၌ ဖတ်ရှုရသည်။
စကားပြောခြင်းသည် လူသားတို့၏ အလုပ်ဖြစ်သည်။ ပြောသင့် ပါလျက် မပြောခြင်းကို မြန်မာ့လူ့အဖွဲ့အစည်းက ရှေးကပင်အားမပေး။ “ဆိုရေးရှိက ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့”ဟူ၍ပင် ရှေးစာ၌ ဆိုထားသည်။ စကားများများ ပြောမိပါက အမှားပါမည်၊ ရန်များမည်ဟု ယူဆကာ တစ်ပါးနှင့် တစ်ပါး စကားလုံးဝမပြောကြဘဲ ဝါဆိုခဲ့ကြသောရဟန်းများကို ဗုဒ္ဓက ပြစ်တင်ရှုတ်ချခဲ့သည်။ စင်စစ် ပြောသင့်သော အချိန်တွင် မှန်သောစကားကို ချိုသာစွာ အကြောင်း အကျိုးနှင့် ယှဉ်၍ မေတ္တာရှေ့ထား ပြောကြားပါက ကောင်းစွာဆိုအပ် သော စကားဖြစ်၍ ကောင်းကျိုးမင်္ဂလာတို့ ဖြစ်ပေါ်စေမည်သာ ဖြစ်ပါ ကြောင်း။ ။
မြန်မာ့အလင်း