သံတွဲ ၂၄ စက်တင်ဘာ
ကျောင်းစာကြည့်တိုက် စွမ်းရည်မြှင့်တင်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ငပလီမြို့ရှိ အထက(ငပလီ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား ကျောင်းသူများက “သွေးကစကားပြောသည်” တေးသီချင်းနှင့် “လူချွန်လူကောင်း” တေးသီချင်းတို့ဖြင့် သီဆိုဖွင့်လှစ်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်က အမှာစကား ပြောကြားပြီး အငြိမ်းစား အလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မူက စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုတတ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းစာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ၊ စာအုပ်စာစောင်များနှင့် ပရိဘောဂများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက် စွမ်းရည်မြှင့်တင်ခြင်း အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ကျဘန်းစကားပြောပြိုင်ပွဲ၊ စကားရည်လု ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ကျောင်းသား ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြေင်း သိရသည်။
အဆိုပါ အခမ်းအနားကို ကျောင်းသား ကျောင်းသူ ရင်သွေးငယ်များ၏ စိတ်ဓာတ်မြင့်မားစေရန်၊ ဗဟုသုတ တိုးပွားစေရန်နှင့် အသိဉာဏ်ပညာများ ရင့်ကျက်ထက်မြက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)


