ဇီးကုန်း ၁၉ ဇန်နဝါရီ 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ လယ်တွင်းအခြေခံပညာ အလယ်တန်းကျောင်းနှင့် ဝက်ကော် အ.လ.က(ခွဲ) ကျောင်းတို့တွင် ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ရေး၊ စာအုပ်စာစောင်နှင့် ပရိဘောဂများ ပံ့ပိုးပေးနိုင်ရေးတို့အတွက် ယမန်နေ့က ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကွင်းဆင်း၍ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ အုပ်ချုပ်မှဒါရိုက်တာ Ms. Aki Nakahaka ညှိနှိုင်းရေးမှူး  Ms. Kyoko Ito မြို့နယ် ပြန်/ဆက်ဝန်ထမ်းများသည် အဆိုပါ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် သွားရောက်တွေ့ဆုံ၍ ယခုနှစ်တွင် ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ပြီး စာဖတ်ခန်း ဝန်ဆောင်မှုပေးရေး၊ စာအုပ်စာစောင်နှင့် ပရိဘောဂများ ပံ့ပိုးပေးနိုင်ရေးတို့ကို တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဆရာဆရာမများအား စာကြည့်စီမံခန့်ခွဲမှုသင်တန်းများ တက်ရောက်နိုင်ရေးအတွက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဇော်နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။


ရှန်တီစေတနာ့ဝန်ထမ်း အဖွဲ့သည် ၂၀၁၈ ခုနှစ်မှစတင်ကာ ကျောင်းစာကြည့်တိုက်များသို့ စာအုပ်စာစောင်နှင့် ပရိဘောဂများ ပံ့ပိုးဆောင်ရွက်ပေးခဲ့ရာ သာယာဝတီခရိုင်အတွင်း သာယာဝတီ။ လက်ပံတန်း၊ မိုးညိုနှင့် အုတ်ဖိုမြို့များတွင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဇီးကုန်း၊ ကြို့ပင်ကောက်နှင့် မင်းလှမြို့များမှ တစ်မြို့နယ်လျှင် စာသင်ကျောင်း နှစ်ကျောင်းနှုန်း ပံ့ပိုးပေးကာ၊ ဆရာ ဆရာမများအား စာကြည့်တိုက်နှင့် သက်ဆိုင်သော သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


တင့်ဆွေ(ပြန်/ဆက်)